၂၀၂၆ ဖီဖာ ကမ္ဘာ့ဖလား အုပ်စု (J) နောက်ဆုံးပွဲစဉ်မှာ အာဂျင်တီးနားအသင်းက ဂျော်ဒန်ကို (၃-၁) ဂိုးနဲ့ အနိုင်ရပြီး အုပ်စုဗိုလ်အဖြစ် နောက်တဆင့် ရှုံးထွက်အဆင့်ကိုတက်သွားပြီး ဂျော်ဒန်အသင်းကတော့ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီ ဖြစ်ပါတယ်။
အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ်၊ ဒါးလပ်စ် အားကစားကွင်းမှာ ဇွန် ၂၇ ရက်က ယှဉ်ပြိုင်ကစားခဲ့ကြတာမှာ အာဂျင်တီးနားအသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီက ပွဲဦးထွက် လူစာရင်းမှာ မပါဝင်ခဲ့ပေမဲ့ ဒုတိယပိုင်းမှ လူစားဝင်ကစားခဲ့ပြီး ဒီနှစ် ကမ္ဘာ့ဖလားပွဲရဲ့ ၆ ဂိုးမြောက်ဂိုးကိုသွင်းယူခဲ့သလို ကမ္ဘာ့ဖလားပွဲစဉ် ၇ ပွဲဆက်တိုက် ဂိုးသွင်းယူနိုင်တဲ့ စံချိန်သစ် တင်နိုင်ခဲ့ပါတယ်။
ဒီနေ့ ဂျော်ဒန်နဲ့ကစားခဲ့တဲ့ပွဲ ပထမပိုင်း ပွဲချိန် ၁၉ မိနစ်မှာ ဂျီအိုဗာနီလိုဆယ်လ်ဆိုက ဖရီးကစ်အဝေးကန်ချက်နဲ့ အဖွင့်ဂိုးကိုလှလှပပ ဂိုးပေါက်အပေါ်ထောင့်သို့ ကန်သွင်းယူခဲ့လို့ အာဂျင်တီးနားအသင်းက ဦးဆောင်အဖွင့်ဂိုးရခဲ့ပါတယ်။
ပွဲချိန် ၃၁ မိနစ်မှာတော့ ခေါင်းတိုက်ဂိုးသွင်းဖို့ကြိုးစားခဲ့တဲ့ အာဂျင်တီးနားကစားသမား မားကို့စ် ဆီနီဆီရဲ့ ဦးခေါင်းကို ဂျော်ဒန်ကစားသမားက မတော်တဆကန်မိခဲ့လို့ ဒိုင်က VAR ပြန်ကြည့်ပြီး ဆုံးဖြတ်ချက်အရ ပင်နယ်တီပေးခံရပါတယ်။ ပင်နယ်တီကိုတော့ လော်တာရိုမာတီနက်ဇ်က တဖက်အသင်းရဲ့ ဂိုးအောက်ထောင့်ကို အပြင်းကန်သွင်းယူကာ အာဂျင်တီးနားအသင်း ဒုတိယမြောက်ဂိုး ရရှိခဲ့ပါတယ်။
ဒုတိယပိုင်း ပွဲချိန် ၅၅ မိနစ်မှာတော့ ဂျော်ဒန်အသင်းက တန်ပြန်တိုက်စစ်ကစားခဲ့ပြီး လူစားဝင် ကစားသမား မူဆာ အယ်လ်တာမာရီက အီဆန် ဟာဒက်ဒ်ပေးပို့တဲ့ ဂိုးရှေ့ဖြတ်တင်ဘောကို ပိတ်သွင်းယူခဲ့ပြီး ချေပဂိုး တဂိုး ပြန်လည်ရရှိခဲ့ပါတယ်။
မိနစ်အနည်းငယ်အကြာ ပွဲချိန် မိနစ် ၆၀ မှာတော့ အရန်ခုံမှာထိုင်နေတဲ့ မက်ဆီက နောက်ဆုံးနာရီဝက်အတွက် လူစားဝင်လာချိန်မှာ အားကစားကွင်းကြီးတခုလုံး အားပေးသံတွေနဲ့ ဆူညံပွက်လောရိုက်သွားခဲ့ပါတယ်။
ဒီနောက် ပွဲပြီးခါနီး မိနစ် ၈၀ လောက်မှာရတဲ့ ပြစ်ဒဏ်ဘော ဖရီးကစ်ကို မက်ဆီက လူတံတိုင်းကို ကျော်ဖြတ်ကာ အနိမ့်လှပစွာ ကန်သွင်းယူပြီး ပရိသတ်တွေမျှော်လင့်နေကြတဲ့ စံချိန်တင်သွင်းဂိုးကို သွင်းယူပေးခဲ့လို့ အာဂျင်တီးနားက တတိယမြောက်ဂိုးရကာ နိုင်ပွဲရသွားတာ ဖြစ်ပါတယ်။
အဆိုပါသွင်းဂိုးဟာ ဒီနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မက်ဆီရဲ့ ၆ ဂိုးမြောက် သွင်းဂိုးဖြစ်လို့ ရွှေဖိနပ်ဆု (Golden Boot) ရဖို့အတွက် အနီးစပ်ဆုံး ပြိုင်ဘက်တွေထက် ၂ ဂိုး အသာနဲ့ ဦးဆောင်နေကာ သူ့ရဲ့ ကမ္ဘာ့ဖလား သွင်းဂိုးစုစုပေါင်းကို ၁၉ ဂိုးအထိ စံချိန်တင် ရှိလာပြီဖြစ်ပါတယ်။
ဒါ့အပြင် မက်ဆီဟာ ပြီးခဲ့တဲ့ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ၄ ပွဲဆက်တိုက် ဂိုးသွင်းခဲ့ပြီး ဒီနှစ်ပြိုင်ပွဲမှာ ၃ ပွဲဆက်တိုက် ဂိုးသွင်းနိုင်ခဲ့လို့ ကမ္ဘာ့ဖလားပြိုင်ပွဲစဉ် ၇ ပွဲ ဆက်တိုက် ဂိုးသွင်းယူနိုင်တဲ့ ပထမဆုံး ကစားသမားလည်း ဖြစ်လာခဲ့ပါတယ်။
အာဂျင်တီးနားအသင်းဟာ အုပ်စု (J)မှာ ၃ ပွဲကစား ၃ ပွဲနိုင် ရမှတ် ၉ မှတ် ရာနှုန်းပြည့်ရပြီး အုပ်စု ပထမနေရာကနေ ၃၂ သင်း ရှုံးထွက် အဆင့်ကိုတက်သွားကာ ဒီနှစ်မှ ကမ္ဘာ့ဖလားပထမဆုံးအကြိမ် ကန်ခွင့်ရတဲ့ ကိတ်ဗာဒီအသင်းနဲ့ ဇူလိုင် ၃ ရက်နေ့ မိုင်ယာမီကွင်းမှာ ရင်ဆိုင်ရမှာဖြစ်ပါတယ်။
တခြားပွဲစဉ်တခုမှာတော့ ဩစတြီးယားအသင်းနဲ့ အယ်လ်ဂျီးရီးယားအသင်းတို့ ၃ ဂိုးစီသရေကျပြီး ၂ သင်းစလုံး နောက်တဆင့် ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။
Source: BBC Sport










