DVB Logo
Home
မြန်မာသတင်း
ဖျာပုံတွင် ကျားဖောင်လုပ်သား အသတ်ခံရ၊ သေဆုံးနှင့်ပျောက်ဆုံးသူ  ၁၀၀ ကျော်ရှိ
DVB
·
December 1, 2019
ဖျာပုံတွင် ကျားဖောင်လုပ်သား အသတ်ခံရ၊ သေဆုံးနှင့်ပျောက်ဆုံးသူ  ၁၀၀ ကျော်ရှိ
Donate to DVB

ဖျာပုံမြို့နယ် ဒေါ်ညိမ်းကျေးရွာအုပ်စုက ကျားဖောင်ရေလုပ်သားတွေထဲမှာ အခုနှစ်အတွင်း သေဆုံးနဲ့ ပျောက်ဆုံးသူဟာ ဒီနှစ်ထဲမှာ ၁၀၀ ကျော်ရှိတယ်လို့ ရွာအုပ်ချုပ်ရေးမှူး ဦးချစ်ပေါက ပြောပါတယ်။ 

မြန်မာ့ရေထွက်ကုန်ပစ္စည်းရဲ့ ထက်ဝက်ကျော်လောက်ထွက်ရှိတဲ့ ဖျာပုံမြို့နယ်က ကျားဖောင်လုပ်ငန်းတွေမှာ ကျွမ်းကျင်လုပ်သားရှားပါးပြီး ကျားဖောင်အရေအတွက်  များလာတာကြောင့် နှစ်စဉ်လူ သေဆုံးတာတွေ၊ အသတ်ခံရတာတွေနဲ့ ပျောက်ဆုံးတာတွေ မြင့်တက်လာပါ။

ဒီနှစ် အောက်တိုဘာလထဲမှာ ဒဂုံတက္ကသိုလ် နောက်ဆုံးနှစ်ကျောင်းသားတဦး လူကုန်ကူးခံရပြီး ကျားဖောင်မှာ ရောင်းစားခံရတာနဲ့ ပတ်သက်လို့ ပြည်တွင်း၊ ပြည်ပမီဒီယာတွေမှာ စိတ်ဝင်စားမှု မြင့်တက်ခဲ့သလို အစိုးရပိုင်းကပါ သတိပြုလာတဲ့အတွက် စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်လာတဲ့အပြင် အမျိုးသားလူ့အခွင့်အရေးကော်မရှင်ကလည်း ကွင်းဆင်းစစ်ဆေးမှာ ဖြစ်ပါတယ်။

အခုလိုဖြစ်ရပ်မျိုးဟာ ဒေါ်ညိမ်းကျေးရွာအုပ်စု တခုတည်းမှာတင် ၂၀၁၈ ခုနှစ်က လူဦးရေ ၂၀၁ ဦးအထိရှိပြီး အခုနှစ်အတွင်း လူ ၁၀၀ ကျော်အထိ ရှိခဲ့တယ်လို့ အုပ်ချုပ်ရေးမှူး ဦးချစ်ပေါက ပြောပါတယ်။

“ရေထဲ ခုန်ချတာကတော့ များတယ်။ သေဆုံးတာကတော့ ၃၇ ဦးလောက် ရှိတယ်။ အားလုံးပေါင်း ၂၀၁ ဦး ရှိတယ်။ ၂၀၁၈-၂၀၁၉ မှာပေါ့နော်။ ပင်လယ်ပြင်ကို လာလုပ်တဲ့သူတွေက ပွဲစားတွေ ပစ်မှတ်ထားတာက တချို့ အရက်စွဲနေတဲ့သူတွေ၊ တချို့ ကျန်းမာရေး မပြည့်စုံတဲ့သူတွေပေါ့။ သေဆုံးသူက ဒီနှစ်တော့ စာရင်းမချုပ်ရသေးဘူး။ သေဆုံး ပျောက်ဆုံး ရေထဲခုန်ချ အခုအချိန်အထိ သတင်းပို့ထားတာက ၁၀၀ ကျော်လောက် ရှိတယ်။”

ပင်လယ်ကျားဖောင်တွေမှာ  တက္ကသိုလ်နောက်ဆုံးနှစ်ကျောင်းသား ကိုမြတ်သူရထွန်း ညှဉ်းပန်းနှိပ်စက်ခိုင်းစေခံရမှုကို အစ်ကိုဖြစ်သူက ရှာဖွေကယ်ဆယ်ခဲ့ပြီးနောက်ပိုင်းမှာ မြန်မာနိုင်ငံ လူကုန်တားရဲတပ်ဖွဲ့ကနေ သူနဲ့အတူ လူကုန်ကူးခံရသူ ၃ ဦးကို ပြန်လည်ကယ်ဆယ်နိုင်ခဲ့ပါတယ်။

ဒီသတင်းတွေကြောင့် ရန်ကုန်မြို့ကနေ လူပျောက်ရှာဖွေသူတွေ ဒေါ်ညိမ်းကျေးရွာကို လက်ကမ်းစာစောင်တွေ ကိုင်ပြီး လူပျောက်လာရှာတဲ့သူတွေလည်း ရှိလာပါတယ်။

“ပျောက်သွားလို့ ကျနော်တို့ လိုက်ရှာတယ်။ နောက်ဆုံး ဘယ်အထိ သတင်းရလဲဆိုတော့ တော်ခရမ်းလေးအထိ သတင်းရတယ်။ အဲဒီအထိ ကျနော်တို့ လိုက်ရှာတော့ အဆက်အသွယ်တွေ ပြတ်သွားတယ်။ ပြတ်သွားတော့ ရှာရင်းနဲ့ လက်လျှော့လိုက်တယ်။ အခု မြတ်သူရထွန်း သတင်း ကြားပြီးတဲ့နောက်ပိုင်းမှာ တော်ခရမ်းလေးနဲ့ ဖျာပုံနဲ့က တော်တော်လေးကို နီးစပ်နေတဲ့အတွက် ကျနော်တို့လည်း မျှော်လင့်ချက်နဲ့ပေါ့” လို့ တောင်ဥက္ကလာပမြို့နယ်နေ ကိုကျော်မင်းထွန်းက ပြောပါတယ်။

ကျားဖောင်လုပ်ငန်းအပေါ် သတင်းတွေမှာ ဖော်ပြမှုတွေနဲ့ပတ်သက်လို့ နောက်ပိုင်းမှာ လုပ်ငန်း ထိခိုက်လာနိုင်တဲ့အတွက် နိုဝင်ဘာ ၃၀ ရက်နေ့မှာတော့ ဖျာပုံမြို့နယ်က အောင်နိုင်သူ ဟိုတယ်မှာ ပင်လယ်ကျားပိုက်လုပ်ငန်းရှင်အသင်းကနေ လုပ်ငန်းဆိုင်ရာအခြေအနေတွေကို သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ 

ခါးပြတ်ကျေးရွာနေ လုပ်ငန်းရှင် ဦးအောင်မိုးက “ဦးတို့ကလည်း မထွက်ခင် ရန်မဖြစ်နဲ့နော်၊ ကောင်းကောင်းမွန်မွန်ပြော၊ တဆင့်နဲ့တဆင့် အစစအရာရာ ပြောကြတယ်။ အခုဖြစ်တဲ့ ပြဿနာကလည်း ဦးစီးတယောက်က နောက်လိုက်တယောက်ကို ရိုက်တယ်လို့ ပြောတာ။ နောက်လိုက်တွေက ဦးစီးကို သတ်ခဲ့တာတွေလည်း အများကြီးပါပဲ။ စာရင်းဒိုင်အပိုင်းကတော့ အကုန်လုံး အကြပ်အမတ် ပြောပြီးသား” လို့ ပြောပါတယ်။

ဒီရှင်းလင်းပွဲမှာ လုပ်သားတွေကြောင့် လုပ်ငန်းရှင်တွေ စီးပွားရေးထိခိုက်မှုတွေလည်း ရှိနေသလို မူးယစ်ဆေးသောက်စားမှုတွေကြောင့် ခိုက်ရန်ဖြစ်ပွားတာ၊ ပင်လယ်ထဲ ခုန်ချတာတွေနဲ့ လိမ်လည်မှုတွေပါရှိတယ်လို့ လုပ်ငန်းရှင်တွေက ဆိုပါတယ်။

ဖျာပုံမြို့နယ်က ကျားပိုက်လုပ်ငန်းကို လုပ်ငန်းရှင် ၂၀၀ ကျော်လုပ်ကိုင်နေပြီး ငါးသယ်သင်္ဘော ၅၀၀ ၀န်းကျင်နဲ့ ကျားဖောင်ရေထောင်ချီရှိနေပါတယ်။ ကျားဖောင်တခုကို လုပ်သား ၃ ဦးထားရှိပြီး ဖောင်ဦးစီးတဦးကို ငွေကျပ် ၁ သိန်းခွဲလောက်နဲ့ နောက်လိုက်တဦးကို တစ်သိန်းနှစ်သောင်းလောက်ပေးရပြီး လုပ်သား ၁ သောင်းကျော်ရှိပါတယ်။

ပင်လယ်ကျားပိုက်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးသံချောင်းက “ပြဿနာတွေ ဒီထက်ကြီးထွားလာရင်တော့ ဆိုးကျိုးတွေ ပေါ်နိုင်တာပေါ့။ ဒီထက် ပြဿနာတွေ လျော့နည်းမသွားရင်တော့ လုပ်ငန်းအတွက် မကောင်းဘူးပေါ့။ လုပ်ငန်းအတွက် မကောင်းရင် ဒေသတခုလုံးအတွက် မကောင်းဘူး”လို့ ပြောပါတယ်။

ကျားဖောင်တွေမှာ လူကုန်ကူးမှုလျှော့ချဖို့၊ အရပ်စာချုပ်ချုပ်ဆိုဖို့ လူပွဲစားတွေကိုလည်း မှတ်ပုံတင်ဖို့နဲ့ လုပ်ငန်းရှင်တွေကိုလည်း ဥပဒေအတိုင်း စာချုပ်ချုပ်ဆိုပြီး လုပ်သားငှားရမ်းဖို့ လူကုန်တားရဲတပ်ဖွဲ့တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဌာနဆိုင်ရာအဖွဲ့တွေပူးပေါင်းပြီး ၂၀၁၈ ခုနှစ်က အလုပ်ရုံ ဆွေးနွေးပွဲတွေ အကြိမ်ကြိမ်လုပ်ဆောင်ခဲ့ပေမယ့်  အကောင်အထည်ဖော်မှု မရှိခဲ့ဘူးလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013