
မလေးရှားနိုင်ငံမြို့တော် ကွာလာလမ်ပူမှာ ဇနီးဟောင်းကို သတ်ဖြတ်ခဲ့တဲ့အမှုနဲ့ မြန်မာအမျိုးသားတဦး ဒေသန္တရတရားရုံးမှာ တရားစွဲဆိုခံထားရတယ်လို့ The Sun Daily သတင်းတပုဒ်မှာ မေ ၅ ရက်က ဖော်ပြပါတယ်။
ဒီအဖြစ်အပျက်ဟာ ပြီးခဲ့တဲ့ ဧပြီ ၂၃ ရက်က စီတာပက်အရပ်က ကွန်ဒိုမီနီယံ တစ်ခုအပြင်ဘက်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး သူ့ကို မလေးရှားရဲတပ်ဖွဲ့က အခင်းဖြစ်ပြီး သိပ်မကြာခင်မှာပဲ ချက်ချင်းဖမ်းဆီးထားခဲ့တာပါ။
ပြစ်မှု ကျူးလွန်သူဟာ အလုပ်လက်မဲ့ဖြစ်သူ အသက် ၂၆ နှစ်အရွယ် အောင်ထွန်းငွါ ဖြစ်တယ်လို့ သတင်းမှာ ဖော်ပြထားပြီး တရားသူကြီး နူရူလ်အီဇာဟာဆန် ဘက်စရီရဲ့ ရှေ့မှာ စွဲချက်ကို ဖတ်ပြတဲ့အခါ နားလည်ကြောင်း ခေါင်းညိတ်ပြခဲ့တယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ မလေးရှားနိုင်ငံမှာ လူသတ်မှုတွေဟာ အထက်တရားရုံးရဲ့ စီရင်ပိုင်ခွင့်အောက်မှာပဲ ရှိတာကြောင့် တရားခံဆီကနေ အပြစ်ရှိမရှိ ဝန်ခံချက်ကိုတော့ မှတ်တမ်းမတင်ရသေးဘူးလို့ ဆိုပါတယ်။
လက်ရှိမှာတော့ သူ့ကို ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၀၂ နဲ့ တရားစွဲထားပြီး ပြစ်မှုထင်ရှားရင် သေဒဏ်၊ ဒါမှမဟုတ် ထောင်ဒဏ် အနည်းဆုံး နှစ် ၃၀ ကနေ အနှစ် ၄၀ အထိနဲ့ အနည်းဆုံး ကြိမ်ဒဏ် ၁၂ ချက်ထိ ချမှတ််ခံရနိုင်ပါတယ်။
အမှုနဲ့ပတ်သက်ပြီး ပြန်လည်ကြားနာဖို့အတွက် တရားရုံးက လာမဲ့ ဇူလိုင် ၃၁ ရက်မှာ ပြန်လည်ချိန်းဆိုထားကာ အစိုးရရှေ့နေအဖြစ် ရဲအရာရှိ အမ်နာရက်ရှ်ကူးမားက ဆောင်ရွက်ပြီး တရားခံဘက်မှာတော့ ရှေ့နေလိုက်ပေးမဲ့သူ မရှိသေးပါဘူး။
ကွာလာလမ်ပူ ရဲချုပ် ဒါတုဖာဒေးလ်မာဆပ်စ်ကတော့ ရဲတပ်ဖွဲ့ဟာ မြန်မာအမျိုးသမီးတယောက် သေဆုံးနေကြောင်း သတင်းရခဲ့ပြီး သူဟာ ခင်ပွန််ဟောင်းဖြစ်သူရဲ့ ဓားနဲ့ထိုးသတ်တာကို ခံခဲ့ရတာလို့ ယူဆရပြီး ရင်ခွဲစစ်ဆေးချက်အရ ရင်ဘတ်မှာရခဲ့တဲ့ ဓားဒဏ်ရာတွေကြောင့် သေဆုံးခဲ့တာလို့ ပြောထားပါတယ်။










