
ငရုတ်သီးခြောက်ထွက်တဲ့ ဧရာဝတီတိုင်းမှာ ငရုတ်သီးခြောက် တပိဿာကို ကျပ် ၃၀,၀၀၀ အထိ ဈေးတက်နေတဲ့အတွက် စားသုံးသူတွေအခက်တွေ့နေတယ်လို့ ဒေသခံတွေနဲ့ ငရုတ်သီးခြောက် ရောင်းဝယ်ရေး ပွဲရုံလုပ်ငန်းရှင်တွေဆီက သိရပါတယ်။
ဧရာဝတီတိုင်းမှာ ပြီးခဲ့တဲ့ ဇူလိုင်လ၊ ဩဂုတ်လနဲ့ စက်တင်ဘာလအတွင်းက ငရုတ်သီးခြောက် တပိဿာကို ကျပ် ၁၅,၅၀၀ အထိပဲ အမြင့်ဆုံးဈေးပေါက်ခဲ့ပြီး အောက်တိုဘာ ၁ ရက်ကနေ ဒီနေ့ အထိ ငရုတ်သီးခြောက် တပိဿာကို ကျပ် ၂၇,၀၀၀ ကနေ ၃၀,၀၀၀ အထိ ဈေးတက်လာတာလို့ ဆိုပါတယ်။
ဘိုကလေးမြို့နယ်က ဒေသခံတယောက်က “ဈေးတွေက အကုန်ထိုးတက်နေတာ။ အရင်က ၄ ရက်၊ ၅ ရက်လောက်ကို ငရုတ်သီးခြောက် ၅၀ သားလောက် အိမ်မှာကုန်တယ်။ ၃ ယောက်စားတာလေ။ အခုတော့ ငရုတ်သီးခြောက် ဝယ်မစားနိုင်တော့ဘူး။ ဈေးက အဆမတန်တက်နေတာ။ ထမင်းစားဖို့ပဲ ဦးစားပေးနေရတာ။ မစားတော့ မနေနိုင်ဘူးပေါ့။ အိမ်က အမျိုးသားဆို အာဝါးသီး (ကုလားအော်သီး) စားနေတယ်” လို့ ပြောပါတယ်။
ဧရာဝတီတိုင်းမှာ လက်ကျန်ငရုတ်သီးခြောက် လျော့နည်းလာတာ၊ တခြားဒေသတွေက တင်သွင်း စရိတ် များလာတာနဲ့ ပြီးခဲ့တဲ့ ဇူလိုင်လနဲ့ ဩဂုတ်လအတွင်းက ရေကြီးရေလျှံမှုတွေကြောင့် ငရုတ်ခင်းတွေ ရေနစ်မြုပ်ပျက်စီးခဲ့တဲ့အတွက် ငရုတ်သီးခြောက် တပိဿာကို ကျပ် ၂၇,၀၀၀ ကနေ ၃၀,၀၀၀ အထိ ဈေးပေါက်နေတာဖြစ်ပြီး အခုလို ငရုတ်သီးခြောက်ဈေး ထိုးတက်နေလို့ ဝယ်မစားနိုင်တော့တဲ့သူတွေ ရှိလာတယ်လို့ သိရပါတယ်။
ဧရာဝတီတိုင်းက ငရုတ်စိုက်ပျိုးရေးလုပ်ငန်းရှင်တယောက်က “ငရုတ်သီးခြောက်ဈေး တက်နေတာ ဟုတ်ပါတယ်။ ဒီနေ့အထိ တပိဿာ ကျပ် ၂၇,၀၀၀ ကနေ ၃၀,၀၀၀ အထိ ပေါက်နေတာ။ အခုလို အဆမတန် ဈေးထိုးတက်နေတာကလည်း ဒေသထွက်ငရုတ်ခင်းတွေ ပျက်စီးခဲ့လို့ ဈေးမြင့်နေတာ။ ငရုတ်အရောင်းအဝယ်လုပ်လာတာ နှစ်မနည်းတော့ဘူး၊ ငရုတ်သီးခြောက်ကို ဒီဈေးနဲ့ မရောင်း ခဲ့ရဘူး” လို့ ပြောပါတယ်။
ဧရာဝတီတိုင်းက ဒေသခံတောင်သူတွေဟာ စပါးနဲ့ ယှဉ်တွဲကာ ငရုတ်၊ ငှက်ပျော စတဲ့ သီးနှံတွေကို တောင်သူတယောက် တဧကကနေ ၁၀ ဧကအထိ စိုက်ပျိုးကြတယ်လို့ သိရပါတယ်။
ဒါ့အပြင် အာဏာမသိမ်းခင် နောက်ဆုံးနှစ် ၂၀၂၀ ပြည့်နှစ်က ဧရာဝတီတိုင်းမှာ ငရုတ်သီးခြောက် တပိဿာဈေးဟာ ကျပ် ၁,၈၀၀ ကနေ ၂,၅၀၀ သာရှိပြီး အာဏာသိမ်းပြီးနောက်ပိုင်း တပိဿာ ကျပ် ၆,၀၀၀ ကနေ ကျပ် ၁၁,၀၀၀ အထိ ဈေးမြင့်တက်ခဲ့ကာ အခုနှစ်မှာ တပိဿာကို ကျပ် ၃၀,၀၀၀ အထိ ရောက်ရှိလာပြီလို့ ဆိုပါတယ်။











