DVB Logo
Home
မြန်မာသတင်း
စစ်တပ်၏ ရန်နိုင်မင်းစစ်ဆင်ရေးကို ကရင်နီတော်လှန်ရေးတပ်များ ခုခံရန် ပြင်ဆင်
DVB
·
March 19, 2026
ကယားပြည်နယ် ဖားဆောင်းမြိုအား ဖေဖော်ဝါရီ ၁၅ ရက်က စစ်ကော်မရှင်က ပြန်လည်သိမ်းပိုက်စဉ်။Photo:CINCDS
ကယားပြည်နယ် ဖားဆောင်းမြိုအား ဖေဖော်ဝါရီ ၁၅ ရက်က စစ်ကော်မရှင်က ပြန်လည်သိမ်းပိုက်စဉ်။Photo:CINCDS
Donate to DVB

ကရင်နီ (ကယား) ပြည်နယ်မှာ တော်လှန်ရေးတပ်ပေါင်းစုအဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေကို ပြန်သိမ်းဖို့ ရည်ရွယ်တဲ့ ရန်နိုင်မင်းစစ်ဆင်ရေး အနေနဲ့ စစ်ကောင်စီတပ်က စစ်ကြောင်း ၂ ကြောင်းခွဲ ပြီး ထိုးနေတာကြောင့် တော်လှန်ရေးတပ်တွေကလည်း ခုခံဖို့ ပြင်ဆင်နေပါတယ်။

မတ် ၁၆ ရက်က ကရင်နီပြည်နယ်ရဲ့ ဖရူဆိုနဲ့ ဘောလခဲမြို့နယ်အကြားမှာ စစ်တပ်ယာဥ်တန်းကို လုံခြုံရေး ယူပေးနေတဲ့ စစ်သားတွေကို ကရင်နီတော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ပါတယ်။

စစ်သားတွေ ရေလာခပ်နေတဲ့အချိန် ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်သား ၅ ယောက် သေဆုံး ကာ သေနတ် ၅ လက် သိမ်းဆည်းရမိခဲ့ပါတယ်။

လက်ရှိ ကရင်နီပြည်နယ်မှာ စစ်တပ်က နိုင်ငံအဆင့် သတ်မှတ်ထားတဲ့ ရန်နိုင်မင်း စစ်ဆင်ရေး အတွက် လွိုင်ကော်-ဖားဆောင်း ပြည်ထောင်စုလမ်းမကြီးကို ထိန်းချုပ်နိုင်ဖို့ စစ်ကူတွေ ပို့နေတာ ဖြစ်ပြီး ဘောလခဲမြို့ထဲမှာ အင်အားဖြည့်တင်း ပြင်ဆင်နေတဲ့ အနေအထားမျိုး တွေ့နေရတယ်လို့ မြေပြင်မှာရှိတဲ့ DVB ရဲ့ စစ်ရေးရင်းမြစ်က သုံးသပ်ပါတယ်။

လက်ရှိအနေအထားအရ စစ်တပ်ဟာ ကရင်နီပြည်နယ်ရဲ့ အဓိကဆက်သွယ်ရေးလမ်းကြောင်း ဖြစ်တဲ့ ပြည်ထောင်စုလမ်းမကြီးတလျှောက်ကို ထိန်းချုပ်နိုင်ဖို့ နယ်မြေရှင်းလင်းရေးတွေ လုပ်နေပြီး ခုံခံစစ်အတွက် တော်လှန်ရေးတပ်ပေါင်းစုဘက်က ပြင်ဆင်မှုတွေ ရှိပေမဲ့ လက်နက်ခဲယမ်း လိုအပ်ချက်တွေတော့ ရှိနေသေးတယ်လို့ စစ်ရေးရင်းမြစ်က ဆက်ရှင်းပြပါတယ်။

စစ်ရေးရင်းမြစ်က “လွိုင်ကော်ကနေ ဖားဆောင်းထိကို လမ်းဘယ်ညာအကုန်လုံးကို သူတို့ (စစ်တပ်)က ထိုးနိုင်မဲ့အနေအထားတော့ မြင်နေရတယ်။ သေချာတယ် ဒီလမ်းပိုင်းတွေမှာ သူတို့ လုံခြုံရေးယူထားတဲ့ အနေအထား ရှိတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ရန်သူလည်း လူအများကြီး ဖြန့်ရတယ်၊ ကျနော်တို့လည်း လူအများကြီး ဖြန့်ရတယ်၊ အဲဒီတော့ ကိုယ်တွေက ခံစစ်မလုပ်ဘဲ ထိုးစစ်ပြန်လုပ်မယ်ဆိုရင် ပြန်ရနိုင်ပါတယ်” လို့ ပြောပါတယ်။

စစ်တပ်ဟာ ပြည်ထောင်စုလမ်းမကြီးကို ပြန်ရဖို့ ဖရူဆိုနဲ့ ဘောလခဲဘက်တွေကို အင်အားဖြည့်နေတဲ့ အချိန်မှာပဲ ရှမ်း-ကရင်နီနယ်စပ်က ကရင်နီဝင်ပေါက်ဖြစ်တဲ့ မိုးဗြဲကိုလည်း PNO ပြည်သူ့စစ်တွေနဲ့ ပေါင်းပြီး ရန်နိုင်မင်းစစ်ဆင်ရေးရဲ့ ဒုတိယစစ်ကြောင်းအဖြစ်နဲ့ စစ်ကြောင်းထိုးနေလို့ နေ့တိုင်း ထိတွေ့မှုတွေလည်း ရှိနေပါတယ်။

ပင်လောင်း-ဖယ်ခုံ-လွိုင်ကော် လမ်းကြောင်းပေါ်မှာရှိနေတဲ့ မိုးဗြဲမြို့ဟာ နှစ်ဖက်လုံးအတွက် ဗျူဟာ အရ အရေးပါတဲ့မြို့ပါ။

လက်ရှိ မိုးဗြဲမြို့ရဲ့ ခလရ ၄၂၂ တပ်ထဲမှာ စစ်တပ်က အထိုင်ချမြို့ကို ပြန်ထိန်းချုပ်ပြီး မြို့ရဲ့ အနောက်ခြမ်းက ရွာတွေဖြစ်တဲ့ လွယ်ဝိုင်း၊ လွယ်ယင်းတောင်ခြေ၊ လွယ်ယင်းမင်္ဂလာ၊ ဆောင်ပလန်၊ ခေါင်းစံ၊ လီဝိုးနဲ့ လွယ်စတုံးရွာတွေကို လေကြောင်းအပြင် လက်နက်ကြီးပစ်ကူတွေနဲ့ လှမ်းပစ်နေတဲ့ အတွက် ဒေသခံ ၂,၀၀၀ ကျော်လောက်ကို အရေးပေါ် ပြောင်းရွှေ့ပေးခဲ့ရပြီး အဲဒီ စစ်ရှောင်တွေ အတွက် အမိုးအကာ လိုအပ်ချက်တွေ ရှိနေတယ်လို့ မိုးဗြဲ PDF ၁၀၀၁ တပ်ရင်းက DVB ကို ပြောပါတယ်။

“လောလောဆယ် အဓိကလိုအပ်နေတာက တဲဆောက်ဖို့ အမိုးအကာတွေ လိုအပ်နေပါတယ်။ အိမ်သာခွက်၊ သောက်ရေသန့်တို့က အရေးကြီး လိုအပ်နေတာပါ။”

လက်ရှိ ကရင်နီတော်လှန်ရေးတပ်ပေါင်းစုနဲ့ စစ်တပ်စစ်ကြောင်းကြား အချိန်မရွေး တိုက်ပွဲတွေ ဖြစ်လာနိုင်တဲ့ အနေအထားမှာ ရှိနေတဲ့အတွက် ပြည်သူတွေအနေနဲ့ ကန့်သတ်ထားတဲ့ နယ်မြေတွေ ကို ဖြတ်သန်းသွားလာတာတွေ မလုပ်ဖို့ တော်လှန်ရေးအင်အားစုတွေက သတိပေး ကြေညာထားပြီး ကရင်နီထဲက တံတားအများစုဟာ စစ်ရေးအရ ဖျက်ဆီးခံထားရပါတယ်။

တဖက်မှာ လမ်းပန်းဆက်သွယ်ရေးပိုင်းတွေ ပိုခက်လာပြီး သယ်ယူပို့ဆောင်ရေးနဲ့ အခြေခံ စားသောက်ကုန်ပစ္စည်း ပို့ဆောင်ရေးအပိုင်းတွေမှာ ကုန်ဈေးနှုန်းတွေ တက်လာတဲ့ ဒဏ်တွေကို ဒေသခံတွေ ဆက်ခံစားနေရပါတယ်။

ဒေသခံတယောက်က “ပုံမှန်တော့ သွားနေကြတယ်။ ဒါပေမဲ့ ရေရှည် ဘာလုပ်စားရမှာလဲ လုပ်စားစရာလဲ မရှိဘူး။ မော်ချီးသွားပြန်တော့လည်း လေယာဉ်ကြောက်ရ၊ ပြီးရင် ဈေးလည်းများ လမ်းလည်းဆိုးတယ်။ အခွန်ကလည်း မကျ၊ အခွန်ကတော့ သူ့ပုံမှန်ဈေးနှုန်းတွေပါပဲ၊ ပုံမှန်ထက် တိုးမလားမသိဘူး ကြည့်ရတာ” လို့ ပြောပါတယ်။

ရန်နိုင်မင်းစစ်ဆင်ရေးကို ၂၀၂၄ ခုနှစ် စက်တင်ဘာလထဲက စနေတာဖြစ်ပြီး ကရင်နီသာမက တနိုင်ငံလုံးက လက်လွှတ်ထားရတဲ့ နယ်မြေတွေကို ပြန်သိမ်းမယ့် စစ်ဆင်ရေးတခုပါ။

ရန်နိုင်မင်းစစ်ဆင်ရေးမှာ စစ်တပ်ဟာ ရုရှားနဲ့ တရုတ်နည်းပညာ သုံးထားတဲ့ ဒရုန်းတွေကို ပိုထုတ်သုံး လာတဲ့အတွက် လေကြောင်းတိုက်ခိုက်မှုတွေမှာ ပိုအားကောင်းလာနေတယ်လို့ သိရပါတယ်။

မောရစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013