Home
မြန်မာသတင်း
လွိုင်ကော်တက္ကသိုလ်က ဆရာ၊ ဆရာမ အပါအဝင် လူ ၂၀၀ ခန့်ကို ကယ်ထုတ်
DVB
·
November 15, 2023

တိုက်ပွဲဖြစ်နေတဲ့ ကရင်နီ(ကယား) ပြည်နယ်၊ လွိုင်ကော်တက္ကသိုလ်က ဆရာ၊ ဆရာမ၊ ဝန်ထမ်း ၁၃၄ ယောက်နဲ့ မိသားစုဝင် ၆၄ ယောက် စုစုပေါင်း ၁၉၈ ယောက်ကို  ကရင်နီတော်လှန်ရေး တပ်ပေါင်းစုံက ကယ်ထုတ်ပေးခဲ့ရကြောင်း ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ပြည်ထဲရေးဌာနက တရားဝင် သတင်းထုတ်ပြန်ပါတယ်။

လွိုင်ကော်တက္ကသိုလ်က Non-CDM ဝန်ထမ်းတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေကို လူသားချင်း စာနာထောက်ထားရေး၊ လူ့အခွင့်အရေးတွေနဲ့အညီ ပြည်ထဲရေးဌာနရဲ့ စီမံကြီးကြပ်မှုအောက်မှာ ဘေးကင်းလုံခြုံစွာ စောင့်ရှောက်ထားကြောင်း ပြောထားပါတယ်။

နောက်ဆက်တွဲလုပ်ငန်းစဉ်အဖြစ်လည်း Non-CDM တွေနဲ့ပတ်သက်လို့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) က ရေးသားပြုစုထားတဲ့ CDM နိုင်ငံ့ဝန်ထမ်းဆိုင်ရာမူဝါဒ စာတမ်းပါ Non-CDM ဆိုင်ရာ ပြဋ္ဌာန်းချက်တွေနဲ့အညီ ကိုးကားပြီး လူ့အခွင့်အရေးကို အခြေခံကာ စီမံဆောင်ရွက်သွားမှာဖြစ်ကြောင်း ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) က သတင်းထုတ်ပြန်ထားပါတယ်။

KNP နဲ့ PDF အဖွဲ့တွေဟာ  နိုဝင်ဘာ ၁၃ ရက် မနက် ၇ နာရီ မိနစ် ၅၀ လောက်မှာ လွိုင်ကော် တက္ကသိုလ်ကို ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး  တက္ကသိုလ် ဝန်ထမ်းတွေနဲ့ ကျောင်းသား၊ ကျောင်းသူတွေကို  အဓမ္မ ဖမ်းဆီးခေါ်ဆောင်ဖို့  ကြိုးပမ်းလာခဲ့လို့ ဘေးကင်းရာ နေရာကို ပို့ဆောင်နိုင်ရေး ဆောင်ရွက်ပေးခဲ့တယ်လို့  စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက စစ်တပ်ဝါဒဖြန့်မီဒီယာတွေကို ပြောပါတယ်။

လက်ရှိ တက္ကသိုလ်အနီးတစ်ဝိုက် လုံခြုံရေးလုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်နေပြီး အဝေးသင်တက္ကသိုလ် တတိယအသုတ် စာမေးပွဲတွေကို  အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်ရ တယ်လို့လည်းဆိုပါတယ်။

ကရင်နီဒေသအနှံ့မှာ စစ်ကောင်စီတပ်နဲ့ ကရင်နီတော်လှန်ရေးတပ်တွေကြား နိုဝင်ဘာ ၁၁ ရက်ကစပြီး ဒီနေ့အထိ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီတပ်က လေကြောင်းကနေပါ ဗုံးကြဲတိုက်ခိုက်နေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024