DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီက ရန်နိုင်မင်းစစ်ဆင်ရေးကို အရှိန်မြှင့်ပြီး လေကြောင်းတိုက်ခိုက်မှု ပိုလုပ်ဖွယ်ရှိ
DVB
·
April 21, 2025
စစ်ကောင်စီက ရန်နိုင်မင်းစစ်ဆင်ရေးကို အရှိန်မြှင့်ပြီး လေကြောင်းတိုက်ခိုက်မှု ပိုလုပ်ဖွယ်ရှိ
Donate to DVB

ရန်နိုင်မင်း စစ်ဆင်ရေးကို အရှိန်မြှင့်ပြီး လေကြောင်းတိုက်ခိုက်မှုတွေ ပိုလုပ်လာနိုင်ပေမဲ့ မြေပြင်ပြည်သူတွေအတွက် လေကြောင်းရန်ကာကွယ်ဖို့ လုံလောက်တဲ့ ပြင်ဆင်မှုတွေ မရှိသေးဘူးလို့ စစ်ကိုင်းဒေသခံ PDF တွေက ပြောပါတယ်။

လက်လွှတ်ထားရတဲ့ နယ်မြေတွေကို ပြန်သိမ်းယူနိုင်ဖို့ ရန်နိုင်မင်း စစ်ဆင်ရေးကို ၂၀၂၄ စက်တင်ဘာလမှာ စစ်ခေါင်းဆောင်က စတင်ဖော်ဆောင်ခဲ့တာပါ။

နယ်မြေရှင်းလင်းရေးနဲ့ ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် စစ်ကောင်စီက မြေပြင် စစ်ကြောင်းထိုးတာ၊ လက်နက်ကြီးနဲ့ပစ်ခတ်တာ၊ လေကြောင်းတိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်ခဲ့ပြီး မျှော်မှန်းထားသလောက် အရာမထင်ခဲ့တဲ့အတွက် ရန်နိုင်မင်း စစ်ဆင်ရေးကို အရှိန်ထပ်မြှင့်ဖို့ စစ်ခေါင်းဆောင်က ညွှန်ကြားထားတယ်ဆိုတဲ့ သတင်းတွေ သတင်းစာမျက်နှာတွေမှာ ထွက်ပေါ်နေပါတယ်။

မတ္တရာ PDF မှ ဦးတိုးက “သင်္ကြန်ပြီးနောက်ပိုင်းတော့ အဲဒီ မြင်းမူတကြိမ်ရှိမယ်၊ သပိတ်ကျင်းဘက် မနေ့ကချသွားတာရှိမယ်၊ အဲ့လောက်ပဲရှိဦးမယ်။ နောက်တခါ ကနီဘက်ချသွားတာ ရှိတယ်။ ခုနကပြောတဲ့ ရန်နိုင်မင်း ဆိုတာ စောင့်ကြည့်ရမှာဗျ။ မြင်းမူမြို့နယ် ကန်တော်ရွာရဲ့ တောင်ဘက်ကို လေကြောင်းတိုက်ခိုက်မှု လုပ်သွားတာရှိတယ်။ မြင်းမူမြို့နယ်မှာဆိုရင် တိုက်ပွဲမရှိတာ ကြာသွားပြီလေ။ တံတားဦးတပ် ဂျက်ဖိုက်တာတစီးက ၃ ကြိမ် ချသွားတယ်ပြောတယ်၊ ပြည်သူ ၆ ဦး သေဆုံးတယ်ဆိုတဲ့သတင်း ရထားတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီက မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်း၊ မန္တလေး၊ မကွေးတိုင်းတို့မှာ လက်လွှတ်ထားရတဲ့ နယ်မြေတွေကို အဆောတလျင် ပြန်သိမ်းပိုက်ချင်နေတာကြောင့် ရန်နိုင်မင်း စစ်ဆင်ရေး အရှိန်မြှင့်မယ်ဆိုတဲ့ သတင်းဟာ ဒေသခံပြည်သူတွေအတွက် ပိုဆိုးတဲ့ အခြေအနေတွေနဲ့ ကြုံတွေ့လာရမယ့် အခြေအနေ ဖြစ်နေတာပါ။

ကနီ PDF မှ ဗိုလ်နှုတ်ခမ်းမွှေးက “ရန်နိုင်မင်း စစ်ဆင်ရေးဆိုပြီး စစ်ကိုင်းကို ဦးတည် ဗုံးကြဲမယ်ဆိုတဲ့သတင်း ရတယ်ပေ့ါဗျာ။ ဒါပေမဲ့ ဒီသတင်း မထွက်ပေါ်ခင်ကတည်းက ကျနော်တို့ စစ်ကိုင်း၊ ကနီနယ်ကတော့ နေ့တိုင်းလိုလို ပါရာမော်တာနဲ့ လာကြဲလိုက်၊ ဒရုန်းနဲ့ကြဲလိုက်၊ ဂျက်ဖိုက်တာနဲ့ကြဲလိုက်၊ အမြဲတမ်းလိုလို ကျနော်တို့ဘက်မှာ ရှိပါတယ်။ ဗုံးခိုကျင်းတွေ ဘာတွေ လုပ်တော့ လုပ်ခိုင်းထားပါတယ်။ ခုလောလောဆယ် ကြုံတွေ့နေရတာက ပြည်သူတွေပဲ အသေများနေတယ်၊ ပြည်သူတွေပဲ ထိခိုက်မှုတွေ ရှိနေတယ်ပေ့ါဗျာ” လို့ ပြောပါတယ်။

လတ်တလော တိုက်ပွဲတွေ အခြေအနေနဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ မြန်မာ့အရေးမှာ ပါဝင်ပတ်သက်လာတဲ့ပုံစံ၊ အနောက်အင်အားကြီးနိုင်ငံတွေရဲ့ ချဉ်းကပ်ပုံ ပြောင်းလာတဲ့ အခြေအနေတွေအရ ပြည်တွင်းမှာ စစ်ရေးအရှိန် ပိုမြင့်တက်လာနိုင်တဲ့ အလားအလာတွေ ရှိနေတာပါ။

စစ်ကိုင်းနယ်ခံ နိုင်ငံရေးသမားတယောက်က “ဆိုးနိုင်တယ်ဗျ၊ ဆိုးနိုင်တယ်ဆိုတာ တောင်ပိုင်းကြဲတဲ့ ဗုံးဆန်တွေထဲမှာ ထိုင်းနိုင်ငံထုတ် ဗုံးသီးတွေ ပါနေတဲ့ အနေအထား ဖြစ်နေတယ်။ အဲဒီတော့ ထိုင်းကလည်း ပြောရကြပ်တယ်ဗျ။ ကျနော်တို့က အိမ်နီးချင်းကောင်းမှ မရှိတာကိုး နော့။ ဒီ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်လာမယ့်ဟာတွေက တရုတ်ကထောက်ပံ့တာနဲ့ အမေရိကန် ထောက်ပံ့တာနဲ့ ပြည်သူပဲ ကြားထဲက မြေဇာပင်ဖြစ်မှာဆိုတော့ ခက်တော့ခက်ပါတယ်ဗျာ၊ ဘာပြောရမယ်မှန်းလည်း မသိဘူး” လို့ ပြောပါတယ်။

မတ် ၂၈ ရက်မှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်အပြီးမှာ စစ်ကောင်စီက ယာယီအပစ်ရပ်မယ်လို့ ကြေညာခဲ့ပေမဲ့ လက်တွေ့မှာ လေကြောင်းတိုက်ခိုက်တာတွေကို မရပ်ခဲ့ပါဘူး။

မတ် ၂၈ ရက်ကနေ ဧပြီ ၁၈ ရက်အထိ အချိန် ၂၂ ရက်အတွင်း စစ်ကောင်စီက နိုင်ငံတဝန်းမှာ လေကြောင်းတိုက်ခိုက်မှု ၂၄၁ ကြိမ်အထိ ပြုလုပ်ခဲ့ပြီး ပြည်သူနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင် ၁၅၈ ယောက်အထိ သေဆုံးခဲ့ပါတယ်။

သုတချမ်းသာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013