Home
မြန်မာသတင်း
ပဲခူးရိုးမတွင် သစ်ခိုးခုတ်သူများ ပိုများလာဟု လွှတ်တော်ကိုယ်စားလှယ်ပြော
DVB
·
November 10, 2019
ပဲခူးရိုးမကို သစ်ခုတ်ခွင့် ၁၀ နှစ်ပိတ်ထားပေမယ့် သစ်ခိုးခုတ်သူတွေက ဆက်လက်ခိုးနေပြီး အင်အား ပိုကြီးလာတယ်လို့ ပဲခူးတိုင်းလွှတ်တော်ကိုယ်စားလှယ်တဦးက ပြောပါတယ်။ “ပဲခူးရိုးမသစ်တောထဲကနေ တရားမဝင်သစ်တွေကို  ညစဉ်လိုလို ခိုးထုတ်နေကြပါတယ်။ သစ်ခိုးတဲ့လမ်းကြောင်းက ၅ ကြောင်းလောက်ပဲရှိပြီး အဲဒီလမ်းကြောင်းတွေမှာ ဂိတ်တွေက ညဘက်ဆို မီးတွေထွန်းပြီး ပွဲတော်လိုပဲ သစ်ခိုးကားတွေကို ပိုက်ဆံတောင်းနေကြတယ်” လို့ ပဲခူးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးညွန့်ရွှေက ပြောပါတယ်။ အန်အယ်လ်ဒီအစိုးရလက်ထက်မှာ ပဲခူးရိုးမတောကြီးကို သစ်ခုတ်ခွင့် ၁၀ နှစ်ပိတ်ထားတယ် ဆိုပေမယ့် သစ်သူခိုးတွေကတော့ ခိုးမြဲခိုးနေတဲ့အပြင် သစ်ခိုး သမားတွေက ပိုပြီးအားကောင်းလာတယ်လို့ ဆိုပါတယ်။ ပဲခူးတိုင်း စည်ပင်ဝန်ကြီး ဒေါက်တာစောညိုဝင်းကတော့ ၂၀၁၇ ၂၀၁၈ လောက်တုန်းက  တလကို တန် ၄၀၀၊ ၅၀၀ လောက်ကနေ ၇၀၀၊ ၈၀၀ လောက်ထိ ဖမ်းဆီးရမိခဲ့ပြီး ၄ လလောက်အတွင်းမှာ ဖမ်းဆီးရမိတာ သိသိသာသာ ကျဆင်းသွားပြီး တလကို တန် ၂၀၀ ဝန်းကျင်လောက်ပဲ ဖမ်းမိတော့တယ်လို့ ပြောပါတယ်။ အခုနောက်ပိုင်း တရားမဝင် သစ်စက်တွေကိုလည်း လိုက်လံရှင်းလင်းမှာဖြစ်သလို ဝင်ရခက်တဲ့ ခြံတွေကိုလည်း တရာမဝင်သစ်နဲ့ သစ်စက်တွေ လိုက်လံဖမ်းဆီးနေတယ်လို့ ဆိုပါတယ်။ ပဲခူးမြို့ပေါ်နဲ့ မြို့ဆင်ခြေဖုံးတွေမှာပါ တရားမဝင် သစ်စက်တွေက အများကြီးဖြစ်နေတဲ့အတွက် တရားမဝင် သစ်စက်တွေကို တာဝန်ရှိသူတွေ တိတိကျကျ ဖမ်းဆီးစေလိုတယ်လို့ ပဲခူးမြို့ခံ ဦးစိုးဝင်းက ပြောပါတယ်။ အခုလို သစ်တွေ ခုတ်နေတာကြောင့် သစ်တောတွေ ပြုန်းတီးလာပြီး မြန်မာနိုင်ငံမှာ အပူရှိန်လွန်ကဲတာတွေ၊ ရေကြီးရေလျှံတာတွေ နဲ့ ရာသီဥတု ဖောက်ပြန်တာတွေ ကြုံတွေ့နေကြရတာပါ။ အောင်စိုးမိုး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024