DVB Logo
Home
မြန်မာသတင်း
ဒေါက်တာဦးထွန်းလွင်၏ဈာပန နိုဝင်ဘာ ၆ ရက်နေ့ ကျင်းပမည်
DVB
·
November 5, 2019
ဒေါက်တာဦးထွန်းလွင်၏ဈာပန နိုဝင်ဘာ ၆ ရက်နေ့ ကျင်းပမည်
Donate to DVB

မိုးလေဝသပညာရှင် မိုးဇလ ညွန်ကြားရေးမှူးချုပ်ဟောင်း ဒေါက်တာဦးထွန်းလွင်ရဲ့ ဈာပနကို နိုဝင်ဘာ ၆ ရက် ဗုဒ္ဓဟူးနေ့  ညနေ ၅ နာရီ ရေဝေးသုသာန်မှာ ကျင်းပမှာဖြစ်တယ်လို့ ကျန်ရစ်သူမိသားစုက ကြေညာထားပါတယ်။

ဦးထွန်းလွင်ဟာ ကျန်းမာရေးအခြေအနေကြောင့် ရန်ကုန်မြို့ရှိ Grand Hantha ဆေးရုံမှာ တက်ရောက် ဆေးကုသမှုခံယူနေရာကနေ နိုဝင်ဘာလ ၄ ရက် ည ၆ နာရီ ၅၇ မိနစ်မှာ ကွယ်လွန်အနိစ္စရောက်သွားခဲ့တာ ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၅ ရက်နေ့ကလည်း သူ ကွယ်လွန်ကြောင်း သတင်းထွက်ပေါ်ခဲ့တဲ့အတွက် ဦးထွန်းလွင်က “အားလုံးပဲ ကျန်းမာတော်မူကြပါစခင်ဗျာ။ ကျနော် ဘာမှ မဖြစ်သေးပါဘူး။ အခြေအနေကောင်းပါတယ်၊။ ဆေးရုံမှာ အရင်နေ့တွေကထက်ပိုပြီး သက်သာလာပါပြီ။ တကူးတက စိတ်ပူပေးကြသူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ ကောလာဟလတွေကို မယုံကြဖို့ တိုက်တွန်းချင်ပါတယ်”လို့ သူ့ရဲ့ လူမှုကွန်ရက်ကနေ ပြောကြားခဲ့ပါတယ်။

 မိုး၊ဇလ ညွှန်ကြားမှုဦးစီးဌာန အငြိမ်းစား ညွန်ကြားရေးမှူးချုပ်ဖြစ်တဲ့ ဒေါက်တာထွန်းလွင်ဟာ ဌာနမှာ နိုင်ငံဝန်ထမ်းအဖြစ် နှစ်ပေါင်း ၄၀ ကျော် တာဝန်ထမ်းဆောင်ခဲ့သလို မကွယ်လွန်ခင် ဆေးရုံမတက်ရောက်ခင်အထိ မိုးလေဝသသတင်းတွေ  လူမှုကွန်ရက်ကနေနေ့စဉ်တင်ပေးကာ ပြည်သူ့ဝန်ထမ်းခဲ့သူဖြစ်ပါတယ်။

ဒေါက်တာထွန်းလွင်ဟာ ကွယ်လွန်ချိန်မှာ အသက် ၇၂ ရှိပြီဖြစ်ပြီး ဇနီးဒေါ်မူမူသန်း၊ သားသမီး ၃ ယောက်နဲ့   မြေးတွေ ကျန်ရစ်ခဲ့ပါတယ်။ 

ကိုယ်ရေးအကျဉ်း 

ဦးထွန်းလွင်ကို ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီ ၁၇ ရက်က မန္တလေးတိုင်း ငါန်းဇွန်မြို့နယ် ကုလားကျေးရွာမှာ အဖဦးသိမ်းမောင်၊ အမိ ဒေါ်အေးကြီးတို့က မွေးဖွားခဲ့ပြီး မွေးချင်းနှစ်ဦး အနက် အကြီးဖြစ်ပါတယ်။

၁၉၆၄ ခုနှစ်မှာ မန္တလေးတိုင်း လဖုန်းအထိမ်းအမှတ် အထက်တန်းကျောင်းမှ အခြေခံ ပညာ အထက်တန်း အောင်မြင်ခဲ့ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ သင်္ချာလူရည်ချွန် (ရွှေတံဆိပ်ဆု) ကို ရရှိခဲ့ပါတယ်။ ဒါ့အပြင် ပညာမင်းကြီး ဦးဘိုးသုန် ပေးအပ်တဲ့ ပညာမင်းကြီး ဆုတံဆိပ်ကို ရရှိခဲ့ပါတယ်။

၁၉၆၅-ခုနှစ်မှာ မန္တလေးမြို့ အ.ထ.က (၁၄) ကျောင်း (ယခင်- ဖာသာလဖုန်းကျောင်း)က ဆယ်တန်းအောင်မြင်ပြီး ၁၉၆၅ ခုနှစ် မေလ ၃ ရက်မှာ  မန္တလေးမြို့ရှိ မိုးလေဝသဌာနမှာ အောက်တန်းစာရေးအဖြစ် အသက် ၁၇ နှစ်အရွယ်က စတင်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

အမှုထမ်းဘဝနဲ့ မန္တလေး၊ ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ် တိုးချဲ့ညနေသင်တန်းမှ သိပ္ပံဘွဲ့(ရူပဗေဒဘာသာအဓိက)ကို ဘာသာစုံဂုဏ်ထူး၊ အထူးအောင်ဖြင့်အောင်မြင်ခဲ့ပါတယ်။

၁၉၇၁ခုနှစ်မှာ B.Sc (ရူပဗေဒ)ဘွဲ့ကို ဘာသာစုံ ဂုဏ်ထူးဖြင့် အထူးအောင်မြင်ခဲ့လို့ တက္ကသိုလ်က သရုပ်ပြ တိုက်ရိုက်ခန့်အပ်ခံခဲ့ရပါတယ်။  ဒါပေမဲ့ ဝင်ရောက်လုပ်ကိုင်ခြင်း မရှိဘဲ မိုးလေဝသဌာနမှာသာ ဆက်လက်အမှုထမ်းခဲ့ပါတယ်။

၁၉၇၃ ခုနှစ်မှာ အမေရိကန်ပြည် ဖလောရီဒါ တက္ကသိုလ်သို့ ပညာသင်လွှတ်ခြင်း ခံရပြီး ၁၉၇၅ ခုနှစ်မှာ B.Sc(မိုးလေဝသ) ဘွဲ့ရခဲ့သလို  ၁၉၈၇ ခုနှစ်မှာလည်း မဟာသိပ္ပံဘွဲ့အတွက် ဒုတိယအကြိမ် အမေရိကန် ဖလောရီဒါ တက္ကသိုလ်ကို ပညာသင်သွား ရောက်ခဲ့ပါတယ်။

၁၉၈၉ ခုနှစ်မှာ ယင်းတက္ကသိုလ်ကနေ မဟာသိပ္ပံဘွဲ့ (မိုးလေဝသ) ကိုအောင်မြင် ရရှိခဲ့ကာ ပါရဂူဘွဲ့ သင်တန်း တက်ရောက်ခွင့် သုံးနှစ် ပညာသင်ဆုကို အမေရိကန် ပြည်ထောင်စု အမျိုးသား အဏ္ဏဝါနှင့် လေထုအုပ်ချုပ်ရေးအဖွဲ့က ချီးမြှင့်ခြင်းခံခဲ့ရပါတယ်။

၂၀၀၃ ခုနှစ်မှဦ စက်မှုထူးချွန် ဒုတိယဆုကို ရရှိခဲ့ပြီး Ph.Dဘွဲ့ကို ရန်ကုန်တက္ကသိုလ်မှာ လေးနှစ်တက်ပြီး ၂၀၀၈ ခုနှစ်၊ ဇူလိုင်မှာ ဒေါက်တာဘွဲ့ ရရှိခဲ့ပါတယ်။ ၂၀၀၉-ခုနှစ် မတ်လ ၂၀ ရက်မှာ ရန်ကုန်တက္ကသိုလ် ရူပဗေဒဌာနက ပေးအပ်တဲ့ ပထမဆုံးဆရာခ ရူပဗေဒဆုကို ချီးမြှင့်ခြင်း ခံခဲ့ရပါတယ်။

၂၀၀၆ တွင် နိုင်ငံတကာ မိုးလေဝသနှင့် ဇလဗေဒ အသင်းကြီးရဲ့ အမြဲတန်း အသင်းဝင်၊ ၂၀၀၇ မှာ အာရှဒေသ သဘာဝဘေးဒဏ် ကာကွယ်ရေးနှင့် ပြင်ဆင်ရေး ကောင်စီ မြန်မာနိုင်ငံ ဥက္ကဋ္ဌအဖြစ် တာဝန်ယူ လုပ်ဆောင်ခဲ့ပါတယ်။ 

နာဂစ်မုန်တိုင်း မတိုင်မီ အချိန်ထိ မိုးလေဝသ သတင်းအတွက် အားထားရသူတဦးအဖြစ် လူသိများ ကျော်ကြားခဲ့ပါတယ်။ ၂၀၀၈ ခုနှစ် မေလနာဂစ် မုန်တိုင်းနဲ့ ပတ်သက်ပြီး အစိုးရရဲ့ သတင်းထုတ်ပြန်မှုနဲ့ပတ်သက်လို့ အငြင်းပွားဖွယ်ရာဖြစ်ခဲ့ပြီး ဦးထွန်းလွင်မှာ လူထု စိတ်ဝင်စားမှု ခံရသော ပုဂ္ဂိုလ် တစ်ဦးဖြစ်လာခဲ့ပါတယ်။

၁၉၆၅ ခုနှစ်၊ မေလ ၃ ရက်နေ့မှာ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှာ တိုင်းထွာရေးမှူး အဖြစ် စတင် တာဝန် ထမ်းဆောင်ခဲ့ပြီး ညွှန်ကြားရေးမှူးချုပ် အဖြစ် အဆင့်ဆင့် တိုးမြှင့် တာဝန် ထမ်းဆောင်ခဲ့ပါတယ်။

မြန်မာ့ ရုပ်မြင်သံကြားသတင်းအစီအစဉ်မှာ လပတ် မိုးလေဝသ သတင်း ကြေညာသူ အဖြစ် ၁၉၈ဝ ပြည့်နှစ် အောက်တိုဘာလကစပြီး  ၂၆ နှစ်ကျော် ဆောင်ရွက်ခဲ့ပါတယ်။၂၀၀၃ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့မှာ နအဖ စစ်အစိုးရက စက်မှု စီးပွား ထူးချွန်ဆု (ဒုတိယ အဆင့်) ကို ချီးမြှင့်ခဲ့ပါတယ်။

သင်္ချာသုံး ပုံစံသုံး မိုးလေဝသ ခန့်မှန်းနည်း၊ ကမ်းရိုးတန်း ဒေသတွေအတွက် မုန်တိုင်း ဒီရေ ခန့်မှန်းခြင်း ဆိုင်ရာ လက်တွေ့ သုံးနည်း စနစ်၊ မိုးလေဝသ ရက်ရှည် ခန့်မှန်းခြင်း အတွက် တာဝေး ဆက်နွယ်မှု နည်းစနစ်တွေကိုလည်း  ပထဦးဆုံးတီထွင်အသုံးပြု နိုင်ခဲ့သူ ဖြစ်ပါတယ်။

၂၀၀၆ ခုနှစ်မှာ လုပ်ငန်းပိုင်း ဆိုင်ရာ အောင်မြင်မှု တရပ် အနေနဲ့ အာရှ သဘာဝဘေး စောင့်ကြည့် ပြင်ဆင်ရေး ဗဟို ဌာန (Asian Disaster Preparedness Centre, ADPC) မှ ပထမဆုံး ဖွဲ့စည်းတဲ့ ငါးနှစ်တာ လုပ်ငန်း စီမံချက်ရဲ့ ဦးဆောင်မှု ကော်မတီမှာ မြန်မာနိုင်ငံ ကိုယ်စားပြု ဥက္ကဋ္ဌ အဖြစ် ရွေးချယ်ခြင်း ခံခဲ့ရပါတယ်။

ဦးထွန်းလွင်ဟာ မြန်မာနိုင်ငံရဲ့ ရာသီ ဥတု ပြောင်းလဲပုံတွေကို ၁၉၇၇ ခုနှစ်မှ စတင်ပြီး နှစ် ၅ဝ ကြာ မှတ်တမ်း ပြုကာ သုတေသန ပြုနိုင်ခဲ့ပြီး ၂၀၀၉ ခုနှစ်၊ ဇွန် ၁ ရက် အသက် ၆၁ နှစ် အရွယ်မှာ ကျန်းမာရေးအရ ရုတ်တရက် အငြိမ်းစား ယူခဲ့ပါတယ်။

ဒေါက်တာထွန်းလွင်ဟာ ယနေ့အထိ ဘာသာရပ်ဆိုင်ရာ သုတေသနစာတမ်းပေါင်း (၈၀) ကျော်၊ ဆောင်းပါးပေါင်း (၁၂၀) ကျော်နဲ့ ဟောပြောပွဲ ပြည်တွင်း (၃၀ဝ) ခန့်၊ ပြည်ပ (၄၀)ခန့် ပြုလုပ်ခဲ့သလို ဘာသာရပ်ဆိုင်ရာစာအုပ် (၃) အုပ်ရေးသားခဲ့ရာ လာနီညာ ဆိုသော မိန်းကလေးနှင့် အခြား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စာအုပ်များ သုတစွယ်စုံ သိပ္ပံစာပေဆု ဆွတ်ခူးရရှိခဲ့ပါတယ်။

အမှုထမ်းဘဝတွင် စက်မှုစီးပွား ဒုတိယဆင့် အပါအဝင် နိုင်ငံတော်မှ ဆုတံဆိပ် (၅) ခု ချီးမြှင့်ခံခဲ့ရပါတယ်။

ဒေါက်တာထွန်းလွင်ဟာ မကွယ်လွန်ခင်အချိန်အထိ ထိုင်းနိုင်ငံ AIT တွင်ဖွင့်လှစ်ထားတဲ့ RIMES(Regional Integrated Multi-hazard Early Warning System)ရဲ့ Technical Advisor အဖြစ် လည်းကောင်း၊ MRCS, CARE Myanmar. Actionaid Myanmar, EcoDev, NAG တို့မှာ အကြံပေးပုဂ္ဂိုလ်အဖြစ် လည်းကောင်း၊ Resouce Person အဖြစ် ICHARM(Japan), EGRESS, World Vision Myanmar, Global Green အပါအဝင် အခြားသော LNGOs, INGOs များတွင်လည်းကောင်း  ရာသီဥတု ပြောင်းလဲခြင်းနဲ့ သဘာဝဘေးအန္တရာယ် ဆုံးရှုံးနစ်နာနိုင်မှု လျော့ပါးရေးလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်ခဲ့ပါတယ်။

ဒါ့ပြင် ဒီဗွီဘီ အပါအဝင် သတင်းဌာနတွေမှာ  အပတ်စဉ်နဲ့ လစဉ် ရာသီဥတုရေးရာ ဆွေးနွေးဟောပြောသူအဖြစ် လုပ်ဆောင်ခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013