DVB Logo
Home
မြန်မာသတင်း
ဖရဲ လာစိုက်သည့် တရုတ်နိုင်ငံသားတဦး အလုပ်သမား ၂ ဦးနှင့် ခိုက်ရန်ဖြစ်ပွားပြီး သေဆုံး
DVB
·
October 27, 2019
ဖရဲ လာစိုက်သည့် တရုတ်နိုင်ငံသားတဦး အလုပ်သမား ၂ ဦးနှင့် ခိုက်ရန်ဖြစ်ပွားပြီး သေဆုံး
Donate to DVB

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ စိုင်းလျားကျေးရွာအနီးမှာ မြေငှားစနစ်နဲ့ ဖရဲ၊ သခွား လာရောက်စိုက်ပျိုးနေတဲ့ တရုတ်နိုင်ငံသားနဲ့ စိုက်ခင်းအလုပ်သမား ၂ ယောက်တို့ အောက်တိုဘာ ၂၅ ရက်နေ့ ညဦးပိုင်းက အလုပ်ကိစ္စနဲ့ပတ်သက်ပြီး စကားများရာကနေ ရိုက်နှက်ထိုးသတ်မှုတွေ ဖြစ်ပြီး တရုတ်နိုင်ငံသား သေဆုံးသွားပါတယ်။

သေဆုံးသွားတဲ့ တရုတ်နိုင်ငံသားက Haung Lin Chong (၆၂ နှစ်) ဖြစ်ပြီး ဗိုလ်မြင့်သူ စိုက်ပျိုးရေးကုမ္ပဏီမှာ နည်းပညာရှင်အနေနဲ့ လာရောက်လုပ်ကိုင်နေတာလို့ သိရပါတယ်။

ရဲတပ်ဖွဲ့ရဲ့ သတင်းတွေအရ စိုင်ပြင်မြို့နဲ့ အလုံမြို့တို့ကနေ စိုက်ခင်းမှာ လာရောက် အလုပ်လုပ်ကိုင်နေတဲ့ စိုက်ခင်းလုပ်သားနိုင်ကြီး(ခ)သက်နိုင်ဦးနဲ့ ကျော်မင်းထွန်း၂ ယောက်နဲ့ သေဆုံးသူ တရုတ်နိုင်ငံသားတို့ နေ့လယ်ပိုင်းမှာ စကားများခဲ့တယ်လို့ သိရပါတယ်။ 

အဲဒီလို စကားများရာမှာ တရုတ်နိုင်ငံသားက အလုပ်သမားတွေရှေ့မှာ အလုပ်ထွက်ဖို့ မောင်းထုတ်တာ၊ အရှက်ရအောင် ပြောဆိုတာ၊ ထုတ်ပေးထားတဲ့ လုပ်အားခငွေ ၂ သောင်းကျပ်ကို ပြန်လည်တောင်းယူတာ၊ ဆဲဆိုကြိမ်းမောင်းတာတွေကြောင့် မခံမရပ်နိုင်ဖြစ်ပြီး ညပိုင်းမှာ တရုတ်နိုင်ငံသားရဲ့ တဲအတွင်းဝင်ကာ ခိုက်ရန်ဖြစ် သေဆုံးခဲ့တာလို့ သိရပါတယ်။ 

ဖြစ်စဉ်ကြောင့် တရုတ်နိုင်ငံသားမှာ ဝဲမျက်ခုံး ပေါက်ပြဲဒဏ်ရာ၊ ဝဲဦးခေါင်း ပေါက်ပြဲဒဏ်ရာ၊ ပခုံးနဲ့ ပါးပြင် ပြတ်ရှဒဏ်ရာ တွေရရှိကာ တဲအတွင်းမှာပဲ သေဆုံးခဲ့တာပါ။ 

စစ်ကိုင်းတိုင်းမှာ လာရောက်နေထိုင် လုပ်ကိုင်နေကြတဲ့ နိုင်ငံခြားသားတွေနဲ့ ပတ်သက်ပြီး စိစစ်ပေးဖို့ ပြီးခဲ့တဲ့လက ကျင်းပခဲ့တဲ့ တိုင်းဒေသကြီးလွှတ်တော်မှာ မေးခွန်းမေးမြန်းခဲ့ဖူးပြီး အခုလို ဖြစ်ရတာက ဌာနဆိုင်ရာတွေရဲ့ စစ်ဆေးမှု အားနည်းချက်ကြောင့် ဖြစ်ရတယ်လို့ ဒေသခံကိုယ်စားလှယ် ဒေါ်အောင်မေရီက ပြောပါတယ်။ 

“စိစစ်ပါလို့ တောင်းဆိုလျက်သားနဲ့ အခုလို ပြဿနာဖြစ်သွားတော့ ကိုယ့်နိုင်ငံလည်း မကောင်းဘူး။ အလကားနေရင်း သူများနိုင်ငံသားကို သတ်တယ်ဆိုတဲ့ ပုံစံမျိုးပဲ ကျော်ကြားသွားမှာ။ ဇာစ်မြစ်ကို နားမလည်တဲ့သူတွေကတော့ သတ်တဲ့တရားခံကိုပဲ အပြစ်တင်ရင် တင်လိမ့်မယ်။ ဒါပေမဲ့ ပညာရှင်ဆိုရင် သူ့အလုပ်သူ လုပ်ရင် အဲဒီလို ပြဿနာဖြစ်စရာ အကြောင်းမရှိဘူး။ ပညာရှင်အနေနဲ့ လာတာမဟုတ်ဘူး ဆိုတာ ပေါ်ပေါက်တယ်။”

ဖရဲ၊ သခွား စိုက်ပျိုးဖို့အတွက် စိုင်းလျားကျေးရွာအနီးက ပိုင်ရှင် ၉ ဦးရဲ့ မြေတွေကို ၁ ဧကကို ၈ သောင်းကျပ်နဲ့ ငှားရမ်းထားတာလို့ စစ်ကိုင်းတိုင်း လ.ဝ.က ညွှန်ကြားရေးမှူး ဦးယဉ်ထွေးက ပြောပါတယ်။

“သူတို့က ကုမ္ပဏီက ငှားရမ်းထားတာ။ စာရွက်စာတမ်းအားလုံး စုံတယ်။ တိုင်းဒေသကြီး ခွင့်ပြုချက်တွေလည်း ရှိတယ်။ နေထိုင်ခွင့်၊ ဗီဇာ၊ ပတ်စ်ပို့စ်၊ ကုမ္ပဏီက ငှားထားတာတွေကော အားလုံးပါ အပြည့်အစုံပါတယ်။ နေထိုင်ခွင့်လည်း တင်ထားတယ်။ တိုင်းအစိုးရကလည်း ဥပဒေနဲ့အညီ ဆောင်ရွက်ပါဆိုပြီး ခွင့်ပြုပေးထားတယ်။ သေသွားပြီဆိုတော့ ဘာမှတော့ လုပ်စရာ မရှိဘူး။ မသေဘူးဆိုရင်တော့ တရားစွဲရမှာ။ ဥပဒေစည်းကမ်းလိုက်နာပါ့မယ်လို့ ဗီဇာစည်းကမ်း လိုက်နာပါ့မယ်လို့ ပါထားတယ်။ ဗီဇာစည်းကမ်း ချိုးဖောက်မှုနဲ့ အရေးယူပြီးလို့ရှိရင် ပြည်ပြန်နှင်မှာပေါ့။”

အခုဖြစ်စဉ်က ယင်းမာပင်မြို့နယ်မှာ ပထမဆုံးအကြိမ်ဖြစ်ပြီး လူသတ်မှု ကျူးလွန်သူ စိုက်ခင်းလုပ်သား နိုင်ကြီး(ခ)သက်နိုင်ဦး (၁၉-နှစ်) နဲ့ ကျော်မင်းထွန်း (၁၈-နှစ်) တို့ကို ယင်းမာပင်မြို့မစခန်းက ဖမ်းဆီးထားပြီး ရာဇသတ်ကြီးပုဒ်မ ၃၀၂ နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013