DVB Logo
Home
မြန်မာသတင်း
ချစ်သူဟောင်း ဂျပ်စတင်ဘီဘာအကြောင်း ပါဝင်သည့် ဆလီနာဂိုးမက်ဇ်သီချင်းသစ်(ရုပ်သံ)
DVB
·
October 24, 2019
ချစ်သူဟောင်း ဂျပ်စတင်ဘီဘာအကြောင်း ပါဝင်သည့် ဆလီနာဂိုးမက်ဇ်သီချင်းသစ်(ရုပ်သံ)
1 / 2
Donate to DVB


ဂီတနဲ့ ရုပ်ရှင်သရုပ်ဆောင် ထူးချွန်ဆုတွေ ရာနဲ့ချီ ရရှိထားခဲ့တဲ့ ပရိသတ်အချစ်တော် အဆိုတော် သရုပ်ဆောင်မင်းသမီး ဆလီနာဂိုးမက်ဇ်ရဲ့ သီချင်းသစ်တပုဒ်ဟာ ထွက်ရှိပြီး တရက်အတွင်းမှာပဲ ယူကျုဘ်ပေါ်မှာ ဝင်ရောက်ကြည့်ရှုသူသန်း ၂၀ ကျော် ရှိနေခဲ့ပြီ ဖြစ်ပါတယ်။

Lose You To Love Me လို့ အမည်ပေးထားတဲ့ ဒီသီချင်းဟာ သီချင်းတွေ ထွက်မ လာတာကြာပြီဖြစ်တဲ့ အချိန် ၄ နှစ်တာကာလအတွင်း ပထမဆုံးအနေနဲ့ ထပ်မံထွက်ရှိလာခဲ့တာပါ။

အသက် ၂၇ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ဆလီနာရဲ့ ဒီသီချင်းဟာ သိပ်မကြာသေးခင်ကမှ လက်ထပ်သွားခဲ့တဲ့ ရည်းစားဟောင်း အဆိုတော် ဂျပ်စတင်ဘီဘာနဲ့ ဆက်ဆံရေးအကြောင်းတွေ ပါဝင်တယ်လို့ သူ့ပရိသတ်တွေနဲ့ ဝေဖန်ရေးသမားတွေက ဆိုပါတယ်။

နာကျင်ကြေကွဲရတဲ့အကြောင်းနဲ့ ချစ်သူကို လက်ပြနှုတ်ဆက်တဲ့ အကြောင်းသီချင်း စာသားတွေထဲမှာ အလွမ်းအဆွေးတွေနဲ့အတူ သူကိုယ်တိုင်သရုပ်ဆောင်ထားပြီး အဖြူအမည်းပုံစံနဲ့ ထူးထူးခြားခြား တင်ဆက်ထားခဲ့တာကို တွေ့ကြရမှာပါ။

အသက် ၁၀ နှစ်အရွယ် ကလေးဘဝတည်းက ရုပ်သံစီးရီးစ်တွေမှာ သရုပ်ဆောင်ရင်း အနုပညာလောကထဲ ရောက်ရှိလာခဲ့တဲ့ ဆလီနာဟာ လက်ရှိမှာလည်း ရုပ်သံစီးရီးစ်တွေနဲ့ ရုပ်ရှင်တွေမှာပါ ပါဝင်သရုပ်ဆောင်နေတာပါ။

ဂီတဘက်မှာတော့ Selena Gomez & the Scene ဆိုတဲ့အမည်နဲ့ ပေါ့ပ်တေးဂီတ အဖွဲ့နဲ့အတူ စတင်လှုပ်ရှားခဲ့ပြီး ၂၀၀၉ ခုနှစ်မှာ ပထမဆုံးတေးအယ်လ်ဘမ် Kiss & Tell ၊ ၂၀၁၀ ပြည့်နှစ်မှာ A Year Without Rain နဲ့ ၂၀၁၁ ခုနှစ်မှာ When the Sun Goes Down တေးအယ်လ်ဘမ်တွေ ထွက်ရှိထားခဲ့ပါတယ်။

ဆလီနာနဲ့ ဂျပ်စတင်ဘီဘာတို့ဟာ ရန်ဖြစ်လိုက်၊ ပြန်ချစ်လိုက်လို့ ဆိုရလောက်အောင်  ဆယ်ကျော်သက်တွေ အရွယ်ကတည်းက ကာလရှည်ကြာ တွဲခဲ့ကြတာပါ။

သူတို့နှစ်ယောက်ရဲ့ ဇာတ်လမ်း ခဏရပ်နေချိန်မှာတော့ ဂျပ်စတင်ဘီဘာက ချစ်သူဟောင်း မော်ဒယ် ဟိုင်လေဘော်လ်ဒွင်နဲ့ တွဲခုတ်ခဲ့ရာကနေ သူတို့နှစ်ယောက် ဇာတ်လမ်း အဆုံးသတ်သွားခဲ့ပါတယ်။

လတ်တလောထွက်ရှိလာတဲ့ သီချင်းသစ် Lose You to Love Me ကတော့ ၂၀၁၅ ခုနှစ်က နောက်ဆုံးထွက်ရှိထားတဲ့ Revival အယ်လ်ဘမ်ရဲ့နောက် ပထမဆုံး ပြန်လည် ထွက်ရှိလာမယ့် အယ်လ်ဘမ်ထဲက ဆင်ဂယ်လ်သီချင်းတပုဒ်ဖြစ်ပါတယ်။

သီချင်းထဲမှာ “နှစ်လအတွင်း မင်းက ငါ့နေရာကို အစားထိုးလိုက်တာ အလွယ်တကူလိုပဲ။ ငါနဲ့လည်း ထိုက်တန်တယ်ဆိုတာ တွေးမိစေခဲ့တယ်”ဆိုတဲ့ စာသားတွေကြောင့်  ဆလီနာက ဒီသီချင်းကို ရည်းစားဟောင်းအကြောင်း စပ်ခဲ့တာဆိုတဲ့ ဝေဖန်မှုတွေနဲ့ ရေပန်းစားနေခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013