
Time မဂ္ဂဇင်းနဲ့ စစ်အာဏာရှင် မင်းအောင်လှိုင်တို့ တဦးချင်း အင်တာဗျူးလုပ်ခဲ့ပြီးနောက်မှာ Time ဘက်က ဆောင်းပါးပုံစံပြန်ရေးသားဖော်ပြခဲ့တာကို မီဒီယာကျင့်ဝတ်နဲ့မညီဘူးလို့ စစ်အာဏာရှင် သတင်းထုတ်ပြန်ရေးအဖွဲ့က စွပ်စွဲ ပြောဆိုထားပါတယ်။ ဒါပေမဲ့ ဒီစွပ်စွဲချက်ဟာ မဟုတ်မှန်ကြောင်း သတင်းမီဒီယာသမားတွေက ပြန်လည် ငြင်းဆိုလိုက်ပါတယ်။
ကမ္ဘာကျော် Time မဂ္ဂဇင်းက စစ်အာဏာရှင်မင်းအောင်လှိုင်နဲ့ နေပြည်တော်မှာ သီးသန့် တွေ့ဆုံမေးမြန်းထားတာကို အခြေခံပြီး “အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေး ပြန်တည် ဆောက်ချင်နေတဲ့ မြန်မာစစ်အာဏာရှင်” ဆိုတဲ့ ခေါင်းစဉ်နဲ့ စက်တင်ဘာ ၂၄ ရက်မှာ ဆောင်းပါးတပုဒ်ဖော်ပြခဲ့တာပါ။
အဲဒီဆောင်းပါးနဲ့ပတ်သက်ပြီး အင်တာဗျူးမှာ အမှန်တကယ် မေးမြန်းဖြေကြားခဲ့တဲ့ အကြောင်းအရာတွေကို အင်တာဗျူး အမေးအဖြေပုံစံ အသုံးမပြုခဲ့တဲ့အတွက် Time သတင်းထောက် ချာလီကမ်းဘဲလ်ရဲ့ ရေးသားဖော်ပြမှုဟာ မီဒီယာကျင့်ဝတ်ကို လိုက်နာမှု မရှိတဲ့ ရေးသားမှုဖြစ်တယ်လို့ စစ်အာဏာရှင်ဘက်က ပြင်းပြင်းထန်ထန် ကန့်ကွက်ထားတာပါ။
ဒီလိုကန့်ကွက်နေတဲ့ စစ်အာဏာရှင်ဘက်က စစ်ဘက်အရာရှိတွေဟာ မီဒီယာ ကျင့်ဝတ်နဲ့ သတင်းစာပညာကို နားမလည်ဘဲ ပြောဆိုနေတာဖြစ်ကြောင်း ဧရာဝတီသတင်းဌာနရဲ့ အမှုဆောင်အယ်ဒီတာ ဦးရဲနည်က မှတ်ချက်ပြုပါတယ်။
“အဲလိုမျိုး အင်တာဗျူးလုပ်ထားတဲ့အပေါ်မှာ မူတည်ပြီးတော့ သူရလာတဲ့ အဖြေတွေကို ထည့်ပြီးတော့ပေါ့နော် ဖြတ်ပြီးတော့ သုံးတဲ့ဥစ္စာပေါ့။ အဲဒါမျိုးတွေ့ရတယ်။ ဒါက သတင်းစာပညာမှာ လုပ်ခွင့်ပေးထားတဲ့ အတိုင်းအတာအတိုင်း ကျင့်ဝတ်အတိုင်း သူလုပ်သွားတဲ့ ဥစ္စာပေါ့။ စစ်ဗိုလ်ချုပ်တွေကနေ အယ်ဒီတာတွေ၊ သတင်းထောက်တွေထက် ပိုတောင်သိပြီးတော့ ဟိုဟာကတော့ ဟိုလိုရေးလိုက်ပါလားတို့၊ ဒီဟာကတော့ ဒီလိုရေးလိုက်ပါလားတို့ ဆိုတဲ့ဥစ္စာက တကယ်တမ်းကတော့ စစ်ဗိုလ်ချုပ်တွေမှာ သတင်းစာပညာနဲ့ ပတ်သက်ပြီးတော့ နလပိန်းတုံး ဘာမှ မသိနားမလည်ဘဲနဲ့ ဝင်ပြီးတော့ အရပ်ဘက်ကို စစ်ဘက်က အမြဲတမ်း အမိန့်ပေးနေသလိုမျိုး အဲဒီအကျင့်အတိုင်း ဝင်ပြီးတော့ လုပ်နေတယ်လို့ပဲကျနော်ကတော့ တွေ့တာပေါ့။”
Time မဂ္ဂဇင်းအနေနဲ့ မြန်မာအစိုးရရဲ့ သမိုင်းဝင်အခန်းကဏ္ဍ၊ တည်ငြိမ်အေးချမ်းရေးနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေကို ရေးသားဖော်ပြဖို့ အင်တာဗျူးတောင်းဆိုခဲ့တာကြောင့် လက်ခံတွေ့ဆုံ ဖြေကြားခဲ့တာလို့ စစ်အာဏာရှင်ဘက်က ထုတ်ပြန်ပါတယ်။
စစ်တပ်ရဲ့ ကျင့်ဝတ်နဲ့ မညီဘူးဆိုတဲ့ ထုတ်ပြန်ပြောဆိုချက်ဟာ သူတို့ဝါဒဖြန့်စေလိုတဲ့ အကြောင်းအရာတွေ မပါဘဲ မျှော်လင့်ထားသလို ဖြစ်မလာတာကြောင့်လို့ ဝါရင့်အကြီးတန်း သတင်းထောက်တယောက်က သုံးသပ်ပြောပါတယ်။
“အင်တာဗျူမေးတဲ့အခါမှာ မေးတဲ့သူက ဖြေကြားသူကို ဒါက ဘယ်လို အင်တာဗျူးမျိုးလဲ ဆိုတာကို ကြိုတင်ပြီးတော့ အသိပေးထားဖို့တော့ လိုတယ်ပေါ့နော်။ စာနယ်ဇင်း ကျင့်ဝတ်အရပေါ့။ ဒါက exclusive interview လား ဒါမှမဟုတ်ရင် သတင်းဆောင်းပါးအတွက်လား ဆိုတာကိုတော့ ကြိုပြီးတော့ အသိပေးဖို့တော့လိုတယ်။ စစ်တပ်ကတော့ သိတဲ့ အတိုင်းပဲလေ သူတို့ ဝါဒဖြန့်ချင်တဲ့ ပုံစံမျိုးပဲပေါ့၊ သူတို့ ပြောရင် ပြောတာတွေ အကုန်ထည့် ဒီလို ပုံစံမျိုး သူတို့က လိုချင်တာပေါ့၊ ဒါပေမဲ့ Time လို နိုင်ငံတကာ လွတ်လပ်တဲ့ မီဒီယာကြီးတွေကတော့ သူတို့ ပြောစကားတွေအပြင် ပတ်ဝန်းကျင် အချက်အလက်တွေ တခြား သတင်းအရင်းအမြစ်တွေနဲ့ ဆန်းစစ်ပြီးတော့ သူတို့ နဂိုတည်းက guideline ချထားတာပေါ့၊ အဲဒီ guideline ချထားတဲ့ အတိုင်းကို ဆောင်းပါးရေးတာပေါ့၊ ဒါကတော့ သတင်းစာပညာရဲ့ ပုံမှန်လုပ်ထုံးလုပ်နည်း တခုလို့ ပဲ ကျနော် ယူဆပါတယ်။”
Time အနေနဲ့ အင်တာဗျူးကို အမေးအဖြေပုံစံနဲ့ မဖော်ပြဘဲ ဆောင်းပါးပုံစံနဲ့ ရေးသားခဲ့ပြီး တခြားပုဂ္ဂိုလ်တွေရဲ့ အင်တာဗျူးနဲ့ သုံးသပ်ချက်တွေ မူလဆွေးနွေးထားတဲ့ အကြောင်းအရာထက် ကျော်လွန်တဲ့ အကြောင်းအရာတွေကို ထည့်သွင်းဖော်ပြခဲ့တယ်လို့ စစ်အာဏာရှင်ဘက်က ဝေဖန်ပါတယ်။
အဲဒီလိုရေးသားမှုကြောင့် မြန်မာ စစ်အာဏာရှင်အစိုးရနဲ့ မြန်မာနိုင်ငံအပေါ် နိုင်ငံတကာ အမြင်လွဲမှားစေနိုင်တဲ့ အသုံးအနှုန်းတွေ ပါဝင်တယ်လို့လည်း ဆိုပါတယ်။
ဧရာဝတီသတင်းဌာန အမှုဆောင်အယ်ဒီတာ ဦးရဲနည်က “အယ်ဒီတာကနေပြီးတော့ သူ့စာဖတ်ပရိသတ် ပိုပြီးတော့ကြိုက်မယ်လို့ထင်တဲ့ ခေါင်းစဉ်မျိုး၊ ပိုပြီးတော့ ဆွဲဆောင်မှု ရှိမယ်လို့ထင်တဲ့ရှုထောင့်မျိုးကို ပြန်လည်ပြီးတော့ ရေးသားပိုင်ခွင့် ရှိပါတယ်။ ဒါက အယ်ဒီတာတွေ ရဲ့ လက်ထဲမှာ ပါပဲ။ ဆိုတော့ လုပ်ပိုင်ခွင့် ရှိပါတယ်။ အဲဒါကို သတင်းထောက်တွေ သတင်းစာ ဆရာတွေကို အဲလိုမျိုး ကျင့်ဝတ်နဲ့ မညီဘူးလို့ ပြောမဲ့အစား ကိုယ်ဝတ်ထားတဲ့ ခုနက စစ်ဝတ်စုံရဲ့ ကျင့်ဝတ်သိက္ခာတွေကို အရင်ဆုံး စောင့်စည်းဖို့ လိုအပ်လိမ့်မယ်လို့ ကျနော်ကတော့ အဲလိုပဲ ပြောချင်ပါတယ်”လို့ ပြောပါတယ်။
Time မဂ္ဂဇင်းနဲ့ မင်းအောင်လှိုင်တို့ရဲ့ တဦးချင်းအင်တာဗျူးကိုတော့ ဩဂုတ် ၂၈ ရက်က နေပြည်တော်မှာရှိတဲ့ သမ္မတရုံးမှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
Time ရဲ့ ဆောင်းပါးပုံစံနဲ့ ရေးသားဖော်ပြခဲ့ထားချက်ကို စစ်အာဏာရှင်ဘက်က မီဒီယာကျင့်ဝတ်နဲ့ မညီဘူးလို့ ကန့်ကွက်နေပေမဲ့ သတင်းမီဒီယာတွေဘက်ကတော့ အင်တာဗျူးအပေါ်အခြေခံပြီး သတင်းဆောင်းပါးရေးသားတာဟာ သတင်းစာပညာမှာ ပုံမှန်လုပ်ထုံးလုပ်နည်းဖြစ်တယ်လို့ တုံ့ပြန် ထားကြပါတယ်။
ဝေဝေ










