
ဟန်ဂေရီနိုင်ငံ ယဉ်ကျေးမှုဝန်ကြီးဟောင်း ဘာလက်ဇ်ဟန်ကိုဟာ အမျိုးသားယဉ်ကျေးမှု ရန်ပုံငွေအဖွဲ့ (NKA) ရဲ့ ရန်ပုံငွေအလွဲသုံးစား လုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့အတူ စက်တင်ဘာ ၂၉ ရက်မှာ ဖမ်းဆီးထိန်းသိမ်းခံလိုက်ရတယ်လို့ အစိုးရရှေ့နေတွေက ပြောပါတယ်။
သူ့ရဲ့ လွှတ်တော်အမတ်ဆိုင်ရာ ကင်းလွတ်ခွင့်ကို ရုပ်သိမ်းဖို့ လွှတ်တော်က မဲခွဲဆုံးဖြတ်ခဲ့ပြီးနောက် စက်တင်ဘာ ၂၈ ရက် နှောင်းပိုင်းမှာ သူ့ကို အမျိုးသားအခွန်နဲ့ အကောက်ခွန်ဌာနမှာ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
ဟန်ကိုကတော့ သူ့ဘက်က ဘာအမှားမှ လုပ်ထားတာ မရှိဘူးလို့ ငြင်းဆိုထားပြီး ဒါဟာ နိုင်ငံရေးအရ ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်ကြံဖန်တီးထားတဲ့ စစ်ဆေးမှုတခုသာ ဖြစ်တယ်လို့ ဝန်ကြီးချုပ်ဟောင်း အော်ဘန်ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာကနေ တိုက်ရိုက်ထုတ်လွှင့်ခဲ့တဲ့ ဗီဒီယိုတခုမှာ ပြောပါတယ်။
ဒါ့အပြင် အော်ဘန်ရဲ့လက်ထက် ၂၀၁၄ ကနေ ၂၀၁၈ ခုနှစ်အတွင်း အမျိုးသားဖွံ့ဖြိုးရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ မစ်ကလော့စ် ဆက်ဇ်တက်ခ် ကိုလည်း လာဘ်စားမှု စွပ်စွဲချက်တွေနဲ့ တနင်္လာနေ့မှာပဲ ထပ်မံဖမ်းဆီးခဲ့ပါတယ်။ ဆက်ဇ်တက်ခ် ကလည်း သူ့မှာ အပြစ်မရှိဘူးလို့ ငြင်းဆိုထားပါတယ်။
လက်ရှိဝန်ကြီးချုပ် ပီတာမဂ်ယာကတော့ လွန်ခဲ့တဲ့နှစ်တွေအတွင်း ဝန်ကြီးချုပ်ဟောင်း အော်ဘန်ရဲ့ အစိုးရအောက်မှာ အကျင့်ပျက်ခြစားမှုတွေနဲ့ အများပြည်သူပိုင် ရန်ပုံငွေတွေကို လွဲမှားသုံးစွဲခဲ့မှုတွေကြောင့် ဟန်ဂေရီနိုင်ငံရဲ့ GDP ၈ ရာခိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်းအထိ ဆုံးရှုံးခဲ့ရတယ်လို့ ပြောကြားခဲ့ပါတယ်။
ဝန်ကြီးချုပ်ဟောင်း အော်ဘန်ကတော့ သူ့ရဲ့ ၁၆ နှစ်တာ အုပ်ချုပ်ရေးကာလအတွင်း အကျင့်ပျက် ခြစားမှုတွေကို လျစ်လျူရှု ခွင့်ပြုခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။
Source: Reuters










