နတ်မြစ်အတွင်း မူးယစ်ဆေးသယ်သူ ၂ ဦးကို ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ် အသေဖမ်းမိ
DVB
·
October 20, 2019

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားခရိုင်၊ တက္ကနာ့ဖ်မြို့အနီး နတ်မြစ်အတွင်း နယ်စပ်ဖြတ်ကျော်ပြီး တရားမ၀င် မူးယစ်ဆေး သယ်ဆောင်သူတွေနဲ့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့တို့ အပြန်အလှန် ပစ်ခတ်မှုဖြစ်ခဲ့ပြီး ၂ ဦး အသေပစ်ခတ်ဖမ်းဆီးမိခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် bdnews24 သတင်းမှာ ဖော်ပြထားပါတယ်။
ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့၀င်တွေ အောက်တိုဘာလ ၁၈ ရက်နေ့ မနက်အစောပိုင်း ၃ နာရီလောက်က လုံခြုံရေးကင်းလှည့်နေစဉ် မြန်မာဘက်ကမ်းကနေ လှေငယ်နဲ့ ထွက်ခွာလာတဲ့ မသင်္ကာဖွယ်ရာ လူ ၄ ဦး တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ ၄ ဦးအား စစ်ဆေးဖို့ ရပ်တန့်ခိုင်းရာ ရပ်တန့်ခြင်းမရှိတဲ့အပြင် အဲဒီလှေငယ်ကနေ စတင်ပစ်ခတ်ခဲ့တဲ့အတွက် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့၀င်တွေက ပစ်ခတ်ဖမ်းဆီးခဲ့ရတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
ပစ်ခတ်မှု ဖြစ်ပွားစဉ်မှာ ၂ ဦက လှေပေါ်ကနေခုန်ချ ထွက်ပြေးခဲ့ပြီး လှေပေါ်မှာ ဒဏ်ရာရသူ ၂ ဦးကို ကော့ဘဇားမြို့ "ဆာဒါ" ဆေးရုံကို ပို့ဆောင်ပေးခဲ့ပေမယ့် သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ လှေပေါ်ကနေ စိတ်ကြွရူးသွပ်ဆေးပြား ၅၀၀၀၀ နဲ့ သေနတ် ၁ လက်၊ ကျည် ၂ တောင့်၊ ဓား ၂ ချောင်းတို့ကို ရှာဖွေသိမ်းဆည်းရမိခဲ့တယ်လို့ bdnews24 သတင်းမှာ ဖော်ပြထားပါတယ်။
ကောင်းကောင်း