DVB Logo
Home
နိုင်ငံတကာ
ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် ထိုင်းနိုင်ငံသား ၆၂ ရာခိုင်နှုန်းကျော် ကြွေးမြီရှိလာ
DVB
·
May 1, 2026
Photo:Reuters
Photo:Reuters
Donate to DVB

ကုန်ဈေးနှုန်းကြီးမြင့်လာမှုကြောင့် ထိုင်းနိုင်ငံသား ၆၂ ရာခိုင်နှုန်းကျော်မှာ ကြွေးမြီတွေ ရှိလာနေတဲ့ အကြောင်း စစ်တမ်းတခုကို ကိုးကားပြီးတော့ The Nation Thailand သတင်းမှာ ဧပြီ ၂၉ ရက်က ဖော်ပြပါတယ်။

ဒါဟာ ထိုင်းနိုင်ငံ ကုန်သွယ်ရေးမူဝါဒနှင့် မဟာဗျူဟာရုံး (TPSO) က လူပေါင်း ၆,၄၆၉ ယောက် ကို မေးမြန်းပြုစုထားတဲ့ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ စစ်တမ်းအရ ဖော်ပြလိုက်တာဖြစ်ပြီး ဒါဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်က ၅၀ ဒသမ ၉၉ ရာခိုင်နှုန်းနဲ့ နှိုင်း ယှဉ်ရင် သိသိသာသာ မြင့်တက်လာတာလို့ ဆိုပါတယ်။

ကြွေးမြီရှိလာရတဲ့ အဓိကအကြောင်းရင်းတွေထဲမှာတော့ ၂၉ ဒသမ ၀၆ ရာခိုင်နှုန်းက နေ့စဉ် ကုန်ကျစရိတ်တွေ တက်လာတာကြောင့် ကြွေးတင်ရတာလို့ ဖြေဆိုကြပြီး အိမ်နဲ့ ကားဝယ်ယူမှု ကြောင့် ကြွေးတင်သူက ၂၅ ဒသမ ၈၃ ရာခိုင်နှုန်း ရှိပါတယ်။

၁၃ ဒသမ ၄၅ ရာခိုင်နှုန်းကတော့ စီးပွားရေးရင်းနှီးမြှုပ်နှံမှုကြောင့် ကြွေးတင်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

အလုပ်အကိုင်နဲ့ အသက်အရွယ်အလိုက် ကြွေးမြီအခြေအနေမှာတော့ အစိုးရဝန်ထမ်းတွေ၊ လယ်သမားတွေနဲ့ ကိုယ်ပိုင်လုပ်ငန်းလုပ်သူတွေမှာ ကြွေးမြီအများဆုံး ရှိနေပြီး အစိုးရဝန်ထမ်း တွေရဲ့ ကြွေးမြီ ၈၉ ရာခိုင်နှုန်းကျော်ဟာ ဘဏ်နဲ့ ဘဏ္ဍာရေးအဖွဲ့အစည်းတွေဆီက တရားဝင် ချေးယူထားတဲ့ ကြွေးမြီတွေ ဖြစ်နေတယ်လို့ ဆိုပါတယ်။

အသက် ၂၉ နှစ်အောက် လူငယ်တွေမှာတော့ အွန်လိုင်းကတဆင့် ပစ္စည်းအရစ်ကျ ဝယ်ယူမှုနဲ့ ချေးငွေ လျှောက်ထားမှုကြောင့် ဖြစ်လာတဲ့ ကြွေးမြီတွေ များနေပြီး အထူးသဖြင့် အသက် ၂၀ ကနေ ၂၉ နှစ်ကြား လူငယ်တွေရဲ့ ကြွေးမြီ ၂၇ ရာခိုင် နှုန်းကျော်ဟာ ဒီလိုပုံစံမျိုး ဖြစ်တယ်လို့ ဆိုပါတယ်။

ကျောင်းသားတွေမှာတော့ အွန်လိုင်းပလက်ဖောင်းတွေကနေတဆင့် ကြွေးမြီတင် ရှိမှု ၃၁ ရာခိုင်နှုန်းကျော်ရှိပြီး ကျောင်းနေစရိတ်ချေးငွေတွေလည်း ရှိနေပါတယ်။

ဝင်ငွေအလိုက် ကြွေးမြီသဘာဝမှာတော့ ဝင်ငွေမြင့်မားသူတွေဖြစ်တဲ့ လစဉ်ဝင်ငွေ ဘတ် ၅၀,၀၀၀ ကျော်သူတွေရဲ့ ၇၈ ရာခိုင်နှုန်းကျော်မှာ ကြွေးမြီရှိနေပေမဲ့ ဒါဟာ အိမ်၊ ကား စတဲ့ ပိုင်ဆိုင်မှုတွေအတွက် ရင်းနှီးမြှုပ်နှံထားတာလို့ ဆိုပါတယ်။

ဝင်ငွေနည်းသူတွေဖြစ်တဲ့ လစဉ်ဝင်ငွေ ဘတ် ၂၀,၀၀၀ အောက်ရှိသူတွေကတော့ နေ့စဉ် အသုံးစရိတ် မလောက်ငလို့ ကြွေးတင်ရတာဖြစ်ပြီး ဘတ် ၁၀,၀၀၀ အောက် ဝင်ငွေရှိသူတွေ ကတော့ အရေးပေါ်အသုံးစရိတ်နဲ့ ဝင်ငွေလျော့နည်းသွားမှုတွေကြောင့် ပိုပြီး ထိခိုက်လွယ်တဲ့ အနေအထားမှာ ရှိနေတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

ကြွေးမြီပေးဆပ်မှုနဲ့ ရှေ့အလားအလာမှာတော့ စစ်တမ်းဖြေဆိုသူ ၃၉ ရာခိုင်နှုန်းနီးပါးဟာ လစဉ် ကြွေးမြီအတွက် ဘတ် ၅,၀၀၀ အောက် ပေးဆပ်နေရပြီး ၃၅ ရာ ခိုင်နှုန်းလောက်ကတော့ ဘတ် ၁၀,၀၀၀ အောက် ပေးဆပ်နေရတ​ယ်လို့ ဆိုပါတယ်။

စစ်တမ်းဖြေဆိုသူ ၆၁ ဒသမ ၈၄ ရာခိုင်နှုန်းကတော့ ၂၀၂၆ ခုနှစ်အတွင်းမှာ ထပ်မံပြီးတော့ ကြွေးမြီ မတင်အောင် ကြိုးစားမယ်လို့ ဆိုကြပါတယ်။ 

ဒါပေမဲ့ ဝင်ငွေနည်းသူတွေနဲ့ လယ်သမားတွေကတော့ ကြွေးဟောင်းဆပ်ဖို့ ကြွေး သစ်ထပ်ယူရမဲ့ အခြေအနေမျိုးနဲ့ ကြုံနေရဆဲ ဖြစ်တ​ယ်လို့ ဆိုပါတယ်။

ထိုင်းစီးပွားရေးကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေနဲ့ကနော့ ကုန်ဈေးနှုန်းတွေကို အနီးကပ် စောင့်ကြည့်ပြီး ပြည်သူတွေရဲ့ နေထိုင်မှုစရိတ် ဝန်ထုပ်ဝန်ပိုးကို လျှော့ချပေးဖို့နဲ့ စီးပွားရေး အခွင့်အလမ်းသစ်တွေ ဖော်ဆောင်ပေးဖို့ ဆက်လက် လုပ်ဆောင်သွားမယ်လို့ ပြောထားပါတယ်။

Source: The Nation Thailand

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013