DVB Logo
Home
မြန်မာသတင်း
နှစ်သန်းပေါင်း ၂၁၀ မှ ၂၅၀ ကြားရှိ ကျောက်ဖြစ်ရုပ်ကြွင်းတခု ရတနာပုံတက္ကသိုလ်တွင် ပြသ
DVB
·
October 6, 2019
နှစ်သန်းပေါင်း ၂၁၀ မှ ၂၅၀ ကြားရှိ ကျောက်ဖြစ်ရုပ်ကြွင်းတခု ရတနာပုံတက္ကသိုလ်တွင် ပြသ
1 / 3
Donate to DVB

မန္တလေးမြို့၊ ရတနာပုံတက္ကသိုလ်မှာ နှစ်သန်းပေါင်း ၂၁၀ မှ ၂၅၀ ကြားသက်တမ်းရှိတဲ့ ပင်လယ်နေ ကျောရိုးရှိ တွားသွားသတ္တဝါ ကျောက်ဖြစ်ရုပ်ကြွင်းတခုကို ထိန်းသိမ်း ပြသထားတယ်လို့ သိရပါတယ်။

ဒီကျောက်ဖြစ်ရုပ်ကြွင်းကို ၂၀၁၈ ခုနှစ် ဇွန်လက လားရှိုးမြို့အနီး ကျောက်မိုင်း လုပ်ငန်းခွင်တခုကနေ တွေ့ရှိခဲ့တာဖြစ်ပြီး ဘာသာရပ်ဆိုင်ရာ သုတေသနပြုလုပ်ဖို့အတွက် မူလတွေ့ရှိသူထံကနေ အလှူခံခဲ့တယ်လို့ သိရပါတယ်။ မူလတွေ့ရှိသူကိုလည်း ထိုက်သင့်တဲ့ ချီးမြှင့်ငွေ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။



ဒီလို ကျောက်ဖြစ်ရုပ်ကြွင်းတခုကို လွန်ခဲ့တဲ့ လေးနှစ်က လားရှိုးမြို့မှာ ပထမဆုံးအကြိမ် စတင်တွေ့ရှိခဲ့တာဖြစ်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်း ယဉ်ကျေးမှုပြတိုက်မှာ ပြသထားကြောင်းနဲ့ ခါးအောက်ပိုင်း မပါဘူးလို့ ဆိုပါတယ်။ အခုတွေ့ရှိတဲ့ အကောင်ကတော့ အမြီး မပါရှိဘူးလို့ ဆိုပါတယ်။

ရတနာပုံတက္ကသိုလ်၊ ဘူမိဗဒေဌာန ပါမောက္ခဒေါက်တာခိုင်ခိုင်စန်းက “ဒီကျောက်ဖြစ်ရုပ်ကြွင်းက ပင်လယ်နေ တွားသွားသတ္တဝါပါ။ ဘူမိဗေဒအရဆိုရင်တော့ Marine Reptile ပေါ့။ ကျောရိုးရှိ ကျောက်ဖြစ်ရုပ်ကြွင်း ဖြစ်တယ်။ လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၂၅၀ နဲ့ ၂၁၀ ကြားမှာပဲ တွေ့ရတဲ့ ကျောက်ဖြစ်ရုပ်ကြွင်းဖြစ်တယ်။ အဲဒီထက်ပိုပြီးတော့ စောတဲ့ သက်တမ်းမှာလည်း ဒီကျောက်ဖြစ်ရုပ်ကြွင်းက မတွေ့ရဘူး။ ဒီထက်ပိုပြီးနောက်ကျတဲ့ သက်တမ်းမှာလည်း မတွေ့ရဘူး။ နှစ် ၂၅၀ နဲ့ ၂၁၀ သက်တမ်းကြားမှာပဲ တွေ့ရတဲ့အတွက်ကြောင့်မို့ ဒီကျောက်ဖြစ်ရုပ်ကြွင်း ကျောက်ရဲ့ သက်တမ်းကို အတိအကျ ပြောနိုင်တာပေါ့။ ဒီကျောက်ဖြစ်ရုပ်ကြွင်းက ဘူမိဗေဒသက်တမ်းအရ သက်လယ်ကပ်အတွင်းမှာ ဖြစ်ပေါ်တဲ့ ကျောက်တွေထဲမှာ ဒီလိုကျောက်ဖြစ်ရုပ်ကြွင်းမျိုးက တခါမှ မတွေ့ဖူးသေးဘူး။ ပထမဦးဆုံး တွေ့တဲ့ ကျောရိုးရှိ တွားသွားသတ္တဝါတကောင် ဖြစ်တဲ့အတွက် ထူးခြားတာ တခုပဲ ဖြစ်ပါတယ်” လို့ ပြောပါတယ်။



ဒီလိုကျောက်ဖြစ်ရုပ်ကြွင်းတွေကို လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ဥရောပတိုက်မှာ တွေ့ရှိခဲ့ပြီး တရုတ်နိုင်ငံမှာတော့ လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်ခန့်က စတင်ကာ အကောင်ရေ ရာချီကာ တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံမှာ တွေ့ရှိတဲ့ ကျောက်ဖြစ်ရုပ်ကြွင်းကတော့ ဥရောပနဲ့ တရုတ်မှာ တွေ့ရှိတဲ့ ကျောက်ဖြစ်ရုပ်ကြွင်းတွေ့နဲ့ မျိုးရင်းတူညီပြီး မျိုးစိတ်နဲ့ မျိုးစုကွဲလွဲနေတယ်လို့ ပါမောက္ခ ဒေါ်ခိုင်ခိုင်စန်းက ပြောပါတယ်။

“ကျောက်ဖြစ်ရုပ်ကြွင်းတွေ အမျိုးခွဲတဲ့အခါမှာ ပထမဆုံး စခွဲတာကတော့ Final ဆိုတဲ့ မျိုးပေါင်းချုပ်ကို အရင်ခွဲတယ်။ နောက် Class ဆိုတဲ့ မျိုးပေါင်းကို ခွဲတယ်။ Order ဆိုတဲ့ မျိုးစဉ်ကို ခွဲရတယ်။ ပြီးရင် Family ဆိုတဲ့ သူ့ရဲ့မျိုးရင်းကို ခွဲတယ်။ ဒါက တရုတ်မှာ တွေ့တဲ့ဟာ၊ ဥရောပမှာ တွေ့တဲ့ဟာနဲ့ မျိုးရင်းတူတယ်။ မျိုးစိတ်တွေတော့ ကွဲသွားမယ်။ မျိုးစုတွေ ကွဲမယ်။ တရုတ်မှာတွေ့တဲ့ မျိုးစိတ်နဲ့ နှိုင်းယှဉ်ကြည့်တဲ့အခါမှာလည်းပဲ အနည်းငယ် ကွာခြားမှုရှိတယ်။ အဲဒီလိုပဲ ဥရောပမှာ တွေ့တာတွေနဲ့ နှိုင်းယှဉ်ကြည့်လိုက်တဲ့အခါမှာလည်း ဒီအကောင်မှာ မတူတဲ့အချက်တွေ ရှိလိမ့်မယ်။ အဲဒီတော့ မျိုးစိတ်ကွဲနိုင်တယ်။ အသက်ကြီးဆုံး အကောင် ဖြစ်နိုင်တယ်လို့ လောလောဆယ် ကောက်ချက်ချထားတယ်။”

ဒီကျောက်ဖြစ်ရုပ်ကြွင်းကို လေ့လာလိုသူတွေအနေနဲ့ ရတနာပုံတက္ကသိုလ် ဘူမိဗေဒပြတိုက်မှာ လာရောက်လေ့လာနိုင်တယ်လို့ သိရပါတယ်။ ဒီကျောက်ဖြစ်ရုပ်ကြွင်းကို မျိုးစိတ်နဲ့ မျိုးစု အတိအကျ ခွဲခြားနိုင်ဖို့အတွက် အကောင်ရေ အများအပြား တွေ့မှ ပိုမိုလေ့လာနိုင်မယ်လို့လည်း သိရပါတယ်။

ရှမ်းပြည်နယ်မှာရှိတဲ့ သက်လယ်ကပ် သက်တမ်းရှိ ကျောက်ရိုးရှိ ကျောက်ဖြစ်ရုပ်ကြွင်းတွေကို ရှာဖွေလေ့လာသုတေသန ပြုလုပ်ဖို့အတွက်ကိုလည်း ပညာရေးဝန်ကြီးဌာနထံ project တစ်ခု တင်ထားပြီး ရန်ပုံငွေ ရရှိလာပါက သွားရောက်ရှာ‌ဖွေ လေ့လာမယ်လို့ သိရပါတယ်။ ရန်ပုံငွေ မရရှိသေးခင်မှာလည်း ကိုယ်တိုင် လေ့လာမှုတွေ ပြုလုပ်ကြဖို့ စီစဉ်နေတယ်လို့ ဆက်လက်သိရပါတယ်။

ထိန်ထိန်လင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013