
ချီလီအကောက်ခွန်အရာရှိတွေဟာ မဒါဂတ်စကာနိုင်ငံကနေ သင်္ဘောနဲ့ တင်ပို့လိုက်တဲ့ ကွန်တိန်နာ တခုအတွင်း ဖုံးကွယ်ဝှက်ထည့်ပါလာတဲ့ မျိုးသုဉ်းပျောက်ကွယ် ရေနက်သတ္တဝါ စာရင်းဝင် ဩဇာခရု လို ရုပ်ကြွင်း ၂၀၀ ကျော်ကို သိမ်းဆည်းရမိခဲ့တယ်လို့ စက်တင်ဘာ ၂၅ ရက်မှာ အာဏာပိုင်တွေက ပြောပါတယ်။
အမ်းမနိုက်စ်လို့ ခေါ်တဲ့ အဲဒီရုပ်ကြွင်းတွေကို စက်တင်ဘာ ၁၀ ရက်က အိမ်သုံး ဖန်အလှဆင် ပစ္စည်းတွေ၊ ဆွဲကြိုးတွေနဲ့ ဆွဲသီးတွေအဖြစ် ကုန်ပစ္စည်းအမျိုးအစား ကြေညာထားတဲ့ ကုန်စည်တွေ ကြားထဲကနေ တွေ့ရှိခဲ့တာပါ။
အဲဒီရုပ်ကြွင်းတွေကို ကတ်ထူသေတ္တာတွေထဲမှာ ထည့်ထားပြီး မဒါဂတ်စကာက ထွက်တဲ့ သတင်းစာတွေ၊ မဂ္ဂဇင်းတွေနဲ့ ပတ်ထားတာကို တွေ့ရတယ်လို့ ချီလီ အမျိုးသား အကောက်ခွန်ဌာန က ထုတ်ပြန်ထားပါတယ်။
စန်အန်တိုနီယို သဘာဝနှင့် သမိုင်းပြတိုက် (MUSA) က ကျောက်ဖြစ်ရုပ်ကြွင်း ပညာရှင်တွေ ကိုယ်တိုင် အကောက်ခွန်အရာရှိတွေဆီ လာရောက်ပြီး ရုပ်ကြွင်း တခုချင်းစီကို အသေးစိတ် ကြည့်ရှု စစ်ဆေးခဲ့ကြပါတယ်။
ဆန်အန်တိုနီယို အကောက်ခွန်ဌာနရဲ့ ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာ ဌာနခွဲအကြီးအကဲ ဗီဗီယန်နာ ဂုဇ်မန်းရဲ့ ပြောကြားချက်အရ အဲဒီရုပ်ကြွင်းတွေဟာ မဒါဂတ်စကာ ဒေသထွက်တွေရဲ့ သဘာဝ အတိုင်း အကြောမျှင်တွေ ပြောင်လက်နေပြီး တချို့မှာ သစ်ရွက်ရုပ်ကြွင်းတွေပါ ကပ်ကျန်နေတာကို တွေ့ရတာကြောင့် ရုပ်ကြွင်း အစစ်အမှန်တွေဖြစ်ကြောင်းနဲ့ လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၁၁၀ လောက်က ဖြစ်တယ်လို့ အတည်ပြုခဲ့ကြပါတယ်။
အမ်းမနိုက်စ် ဆိုတာဟာ ဒိုင်နိုဆောတွေ မျိုးသုဉ်းခဲ့တဲ့ ခရီတေးရှက်စ် ခေတ်ကုန်ခါနီး လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၆ သန်းလောက်ကတည်းက ပျောက်ကွယ်သွားခဲ့ပြီး၊ အဲဒီမတိုင်ခင် နှစ်ပေါင်း သန်းနဲ့ချီ အသက်ရှင်ခဲ့ကြတဲ့ ရှေးဟောင်း ရေနက်သတ္တဝါ မျိုးနွယ်စုတခု ဖြစ်ပါတယ်။
ဒေသဆိုင်ရာ အကောက်ခွန် ညွှန်ကြားရေးမှူး အန်ဂလ်ယို ဗယ်ဂါရာက ဒီလို ဖမ်းဆီးရမိမှုဟာ အထူးဥပဒေတွေအပြင် ယူနက်စကို (UNESCO) နဲ့ ကမ္ဘာ့အကောက်ခွန်အဖွဲ့ (WCO) တို့ရဲ့ အပြည်ပြည်ဆိုင်ရာ သဘောတူညီချက်တွေအရ သမိုင်းဝင် အမွေအနှစ်တွေကို ကာကွယ်စောင့်ရှောက်တာ ဖြစ်တယ်လို့ ပြောပါတယ်။
လက်ရှိမှာတော့ ချီလီအကောက်ခွန်ဌာနအနေနဲ့ အဲဒီရုပ်ကြွင်းတွေရဲ့ မူလရင်းမြစ်ကို အတည်ပြုဖို့နဲ့ တရားဝင် ပြန်လည်တောင်းခံခြင်း ရှိ မရှိ သိနိုင်ဖို့ မဒါဂတ်စကာ အစိုးရရဲ့ အကြောင်း ပြန်ကြားချက်ကို စောင့်ဆိုင်းနေပါတယ်။
Source:Reuters










