DVB Logo
Home
မြန်မာသတင်း
အမေရိကန် Burma Act ဥပဒေကြမ်းကို တပ်မတော်သာမက အစိုးရလည်း သတိထားရန်လိုဟု သုံးသပ်
DVB
·
October 5, 2019
အမေရိကန် Burma Act ဥပဒေကြမ်းကို တပ်မတော်သာမက အစိုးရလည်း သတိထားရန်လိုဟု သုံးသပ်
Donate to DVB

အမေရိကန်အောက်လွှတ်တော်က အတည်ပြုလိုက်တဲ့ Burma Act 2019 ပြင်ဆင်ချက် ဥပဒေကြမ်းဟာ တပ်မတော်အတွက်တင် မဟုတ်ဘဲ အစိုးရအတွက်လည်း သတိထားရမယ့် ဥပဒေကြမ်းဖြစ်တယ်လို့ နိုင်ငံရေးသမားတွေနဲ့ လူအခွင့်အရေး လှုပ်ရှားသူတွေက သုံးသပ်ပါတယ်။

ဒီဥပဒေကြမ်းက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ တပ်မ‌တော် ထိပ်ပိုင်း‌ ခေါင်းဆောင်တွေအပြင် သူတို့တွေနဲ့ ဆက်စပ်ပတ်သက်သူတွေရဲ့ စီးပွားရေးလုပ်ငန်းတွေကို ပိတ်ဆို့ အရေးယူမယ်ဆိုတဲ့ အချက်တွေ ပါဝင်လာသလို ပြည်ဝင်ခွင့်ဗီဇာတွေကိုပါ ပိတ်ဆို့ အရေးယူသွားမယ်ဆိုတဲ့ အချက်တွေပါ ထည့်သွင်းထားတာပါ။

အဲဒီဥပဒေကြမ်းထဲမှာ အရေးယူ စုံစမ်းစစ်ဆေးဖို့ ပျက်ကွက်သူတွေကိုလည်း အရေးယူမှာ ဖြစ်လို့ အရပ်သားအစိုးရအနေနဲ့လည်း သတိကြီးကြီးထားရမယ့် အရေးကိစ္စ ဖြစ်တယ်လို့ ညီမျှခြင်းမြန်မာရဲ့ ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်မျိုးမင်းက ပြောပါတယ်။

“အမည်ပျက်မှုကတော့ ဖြစ်မှာပေါ့။ ဘာလို့လဲဆိုတော့ စစ်တပ်ကို ထိပေမယ့် မြန်မာအစိုးရက လူ့အခွင့်အရေး ချိုးဖောက်တယ်လို့ အပြောခံထိနေတာ။ ကုလသမဂ္ဂမှာ ပြောတယ်၊  စစ်တပ်ရဲ့ ကိုယ်စားအဖြစ် ဘယ်သူမှ ပြောတာမဟုတ်ဘူး။ ကိုယ့်တိုင်းပြည်ရဲ့အစိုးရကပဲ ဖြေရှင်းရတယ်။ နိုင်ငံခြားရေးဝန်ကြီးဌာနကပဲ ဖြေရှင်းရတယ်။ နိုင်ငံတကာမှာ နောက်ပိုင်း ဘယ်လိုဖြစ်လာလဲ ဆိုတော့ လူ့အခွင့်အရေးချိုးဖောက်မှုကို ကိုယ်တိုင် ကျူးလွန်မှ မဟုတ်ဘူး။ ကျူးလွန်တာကို သိသိကြီးနဲ့ အရေးယူ ဆောင်ရွက်မှု မရှိတာ၊ ကျူးလွန်မှုကို ရည်ရွယ်ချက်ရှိရှိ ကာကွယ်ပေးရင်လည်း ဒီအမှုထဲမှာ အကျုံးဝင်တယ်ဆိုတဲ့ အယူအဆ ဖြစ်လာတော့ နောက်ပိုင်းမှာ အတော်လေး သတိထား အလေးထား စဉ်းစားစရာတော့ ဖြစ်လာပါလိမ့်မယ်။”

အရင်က အမေရိကန်အနေနဲ့ မြန်မာနိုင်ငံကို စီးပွားရေးအရ အရေးယူမှုတွေ လုပ်တဲ့အခါမှာ စီးပွားရေးလုပ်ငန်း အကုန်လုံးကို ဒဏ်ခက်ပိတ်ဆို့မှုတွေ လုပ်ခဲ့တာဖြစ်ပြီး ဒီတကြိမ် အရေးယူမှု ပြုလုပ်တာကတော့ မြန်မာ တပ်မတော်ထိပ်ပိုင်းခေါင်း‌ဆောင်တွေနဲ့ သူတို့နဲ့ ပတ်သက်ဆက်နွှယ်နေတဲ့သူတွေကိုပဲ အရေးယူမှု ပြုလုပ်တာလို့ သုံးသပ်ကြပါတယ်။

နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းက “မြန်မာတပ်မတော်နဲ့ ဆက်စပ်ပြီးတော့ လုပ်ကိုင်နေတဲ့ စီးပွားရေးလုပ်ငန်းစုကြီးတွေ၊ သူတို့အပေါ်မှာ အရေးယူမှုတွေ ပိတ်ဆို့မှုတွေ ရှိကောင်းရှိလာနိုင်တယ်” လို့ ပြောပါတယ်။

တပ်မတော်အနေနဲ့ ၁၉၉၀ ကစပြီး တရားဝင် လုပ်ကိုင်နေတဲ့ စီးပွားရေးလုပ်ငန်းတွေ ရှိပြီး နိုင်ငံတော် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုနိုင်ဖို့အပြင် အခွန်ငွေ ဘီလီယံ ရာနဲ့ချီ ပေးဆောင်ထားကာ ဒီလုပ်ငန်းတွေက တပ်မတော်သားတွေနဲ့ သူတို့မိသားစုတွေရဲ့ သက်သာချောင်ချိရေးအတွက် လုပ်ကိုင်နေတာလို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောဆိုပါတယ်။

အခုလိုတပ်မတော်ရဲ့ စီးပွားရေးတွေကို ပိတ်ဆို့ဖို့ လုပ်ကိုင်ဆောင်ရွက်တာက သူတို့တွေရဲ့ အခွင့်အရေးတွေကို ပိတ်ပင်ရာ မရောက်ဘူးလားလို့လည်း မေးခွန်းထုတ်ပါတယ်။

“နိုင်ငံ စီးပွားရေး အထောက်ကူဖြစ်နိုင်ဖို့ သွင်းကုန် အစားထိုးလုပ်ငန်းတွေ လုပ်ကိုင် ဆောင်ရွက်နေတာလည်း ရှိတယ်။ သံမဏိစက်ရုံတို့၊ ဘိလပ်မြေစက်ရုံတို့ ဆောင်ရွက်နေတာတွေလည်း ရှိတယ်။ ပြည်ပကိုလည်း ပို့နိုင်နေတဲ့ ပစ္စည်းတွေလည်း ရှိနေတယ်။ နောက် တပ်မတော်ကနေ သဘာဝဘေးအတွက် ကယ်ဆယ်ဖို့အတွက် လုပ်ဆောင်နေတာလည်း ရှိတယ်။ ဒါတွေကိုရော ပိတ်ပင်ရာ မရောက်ဘူးလား” လို့ ဗိုလ်မှူးချူပ်ဇော်မင်းထွန်းက ပြောပါတယ်။

နိုင်ငံတကာက မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့  အရေးယူ ဒဏ်ခက်မှုတွေကို လုပ်တဲ့အခါမှာ နိုင်ငံတကာက ထုတ်ပြန်တဲ့ အစီရင်ခံစာတွေ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး အဖွဲ့အစည်းတွေက ထုတ်ပြန်နေတဲ့ ထုတ်ပြန်ချက်တွေ၊ မြေပြင်ထောက်လှမ်းမှုတွေကနေ ရရှိနေတဲ့ အစီရင်ခံစာတွေနဲ့ ကုလသမဂ္ဂ အစီရင်ခံစာတွေကို အများဆုံး ရယူကြတာလို့ ညီမျှခြင်းမြန်မာရဲ့ ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်မျိုးမင်းက ပြောပါတယ်။

“ဒါကြောင့် ကျနော်တို့အစိုးရအနေနဲ့ ဒါကို သတိထားဖို့ လိုအပ်ပါတယ်။ အချက်အလက်တွေက ကိုယ်ပူးပေါင်းဆောင်ရွက်သည် ဖြစ်စေ၊ မပူးပေါင်းသည် ဖြစ်စေ၊ ဒီအစီရင်ခံစာတွေက ထွက်နေတယ်။ အစီရင်ခံစာထဲမှာ တချို့အချက်တွေက လွဲကောင်း လွဲနေလိမ့်မယ်။ မှန်တာလည်း ပါကောင်းပါလိမ့်မယ်။ ဒါတွေကို ပူးပေါင်းဆောင်ရွက်မှု မရှိတဲ့အခါမှာ ဖြစ်သမျှ သတင်းတွေကို နိုင်ငံတကာက ယုံကြည်လက်ခံသွားတဲ့အရာမျိုး ဖြစ်တယ်။ ပိုဆိုးတာက ကျနော်တို့အစိုးရအနေနဲ့ မှန်ကန်တိကျတဲ့ ပြန်လည် ဖြေရှင်းချက်တွေကို စနစ်တကျ မလုပ်ခဲ့ဘူး။ ဒါကြောင့် ဒီအစီရင်ခံစာမှာ ဖြစ်တဲ့ အချက်တွေ အကုန်လုံးကို ကမ္ဘာကနေ လက်ခံလာဖို့အတွက် လမ်းဖွင့်ပေးသလို ဖြစ်နေတယ်။”

Burma Act 2019 ပြင်ဆင်ချက် ဥပဒေကြမ်းဟာ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်တာတွေ တာဝန်ရှိသူတွေ၊ သူတို့နဲ့ ဆက်စပ်ပတ်သက်တဲ့ အဖွဲ့အစည်းတွေ၊ စီပွားရေးလုပ်ငန်းရှင်တွေကို ပစ်မှတ်ထား အရေးယူတာပါ။ ဒီဥပဒေကြမ်းကို အမတ်အရေအတွက် ၄၃၃ ယောက်ရှိတဲ့ အမေရိကန် အောက်လွှတ်တော်မှာ ထောက်ခံမဲ ၃၉၄ မဲ၊ ကန့်ကွက်မဲ ၂၁ မဲ၊ ကြားနေမဲ ၁၈ မဲနဲ့ စက်တင်ဘာလ ၂၄ ရက်နေ့က အတည်ပြုခဲ့တာပါ။ 

အမေရိကန် အောက်လွှတ်တော်က ဆုံးဖြတ်တဲ့ ဥပဒေအများစုက ပါတီ ၂ ခုစလုံးကနေ ထောက်ခံပြီးမှ အတည်ပြုလေ့ရှိတာကြောင့် ဒဏ်ခတ်ပိတ်ဆို့မှုတွေမှာ သက်ရောက်မှု ရှိနိုင်သလို အခု အရေးယူမှုက လူ့အခွင့်အရေးကိစ္စ ဆိုတာထက် ရခိုင်အရေးကိစ္စကြောင့် ဖြစ်နိုင်ခြေများတယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးအောင်သူငြိမ်းက သုံးသပ်ပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013