
ယီမင်အစိုးရတပ်တွေက အရေးပါတဲ့ ဘာ့ဘ်အယ်လ် မန်းဒက်ဘ် ရေလက်ကြားနဲ့ ပင်လယ်နီကမ်းခြေက မိုချာ ဆိပ်ကမ်းမြို့တို့ကို ဟူသီသူပုန်တွေလက်ကနေ ပြန်သိမ်းပိုက်လိုက်ပြီလို့ အောက်တိုဘာ ၅ ရက်က ပြောပါတယ်။
တချိန်တည်းမှာ သူတို့ဟာ ဟူသီတွေက ဆယ်စုနှစ်တခုကျော်ကြာ ထိန်းချုပ်ထားခဲ့တဲ့ မြို့တော် ဆာနာဆီ ဦးတည်ရင်း “မဟာဗျူဟာမြောက် ထိုးစစ်ဆင်မှု” တရပ်ကို စတင်လုပ်ဆောင်နေပါတယ်။
ဟူသီတို့ သိမ်းပိုက်ထားတဲ့ နယ်မြေတွေကို ပြန်ယူဖို့ ရည်ရွယ်တဲ့ ယီမင်ရဲ့ အရုဏ်ဦး စစ်ဆင်ရေးရဲ့ တစိတ်တပိုင်းအဖြစ် ချီတက် တိုက်ခိုက်မှုတွေကို ဆောင်ရွက်နေတာလို့ အစိုးရက ပြောခဲ့ပါတယ်။
စစ်ဆင်ရေးကို အဲဒီနေ့ အစောပိုင်းက စတင်ခဲ့ပြီး ဆော်ဒီအာရေဗျနိုင်ငံက ကျယ်ပြန့်တဲ့ လေကြောင်းအထောက်အပံ့တွေ ပေးနေပါတယ်။
နိုင်ငံ့ဒိုင်း တပ်ဖွဲ့တွေ၊ အစိုးရလိုလားတဲ့ မဟာတပ်မနဲ့ တီဟာမာ ခုခံရေးတပ်တွေက လေကြောင်းတိုက်ခိုက်မှုတွေရဲ့ အထောက်အပံ့နဲ့ ယီမင်အနောက်တောင်ပိုင်း ထိုက်ဇ်ပြည်နယ်က မိုချာမြို့ကို ဝင်ရောက်နိုင်ခဲ့တယ်လို့ စစ်ဘက်ဆိုင်ရာ သတင်းရင်းမြစ်တခုကို ကိုးကားပြီး နိုင်ငံပိုင် ဆာဘာ သတင်းဌာနက ဖော်ပြပါတယ်။
မြို့ပြင်မှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီးတဲ့နောက် မြို့တွင်းကို ဝင်ရောက်နိုင်ခဲ့ပါတယ်။ တိုက်ပွဲအတွင်း ဟူသီ တိုက်ခိုက်ရေးသမား အများအပြား သေဆုံး၊ ဒဏ်ရာရ ဖမ်းဆီးခံခဲ့ရပြီး တချို့က ထွက်ပြေးလွတ်မြောက်သွားခဲ့တယ်လို့ သတင်းရင်းမြစ်က ပြောခဲ့ပါတယ်။ ဟူသီတို့ဘက်က ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်ချက် တစုံတရာ မထုတ်ပြန်သေးပါဘူး။
မိုချာမြို့ဟာ ပင်လယ်နီနဲ့ အေဒင် ပင်လယ်ကွေ့အကြား အရေးပါတဲ့ သင်္ဘောလမ်းကြောင်းနဲ့ ကုန်သွယ်ရေးဝင်ပေါက်တခုဖြစ်တဲ့ ဘာ့ဘ်အယ်လ် မန်းဒက်ဘ် ရေလက်ကြားကနေ ကီလိုမီတာ ၈၀ လောက် အကွာမှာ ရှိနေပါတယ်။
တနင်္လာနေ့ အစောပိုင်းက အစိုးရတပ်တွေဟာ ဒူဘပ်လေဆိပ်ကိုလည်း သိမ်းပိုက်နိုင်ခဲ့တယ်လို့ ယီမင်လက်နက်ကိုင် တပ်ဖွဲ့တွေရဲ့ ပြောရေးဆိုခွင့်ရှိသူ မာဂျစ် အယ်လ်-နူဇိုင်လီက ပြောပါတယ်။
အဲဒီနေရာမှာ ဝိုင်းရံပိတ်ဆို့ခံရပြီးတဲ့နောက် ဟူသီတိုက်ခိုက်ရေးသမားတချို့က လှေတွေနဲ့ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြပြီး ရာနဲ့ချီတဲ့လူတွေ ပိတ်မိနေခဲ့ကြပါတယ်။
Source: Reuters










