DVB Logo
Home
မြန်မာသတင်း
မဲဆောက်၌ အွန်လိုင်းလောင်းကစားဝက်ဘ်ဆိုက်အဖွဲ့ဝင် မြန်မာအမျိုးသမီး ၂ ဦးကို ဖမ်းဆီး
DVB
·
June 30, 2026
Photo: Thai Official
Photo: Thai Official
Donate to DVB

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်၊ မဲဆောက်မှာ အွန်လိုင်းလောင်းကစားဝက်ဘ်ဆိုက်တခုရဲ့ အဖွဲ့ဝင် မြန်မာအမျိုးသမီး ၂ ယောက်ကို ထိုင်းဆိုက်ဘာရဲတပ်ဖွဲ့က ဇွန် ၃၀ ရက် မနက်ပိုင်းမှာ ဖမ်းဆီးလိုက်ပါတယ်။

ဒီနေ့ မနက်ပိုင်းမှာ ဆိုက်ဘာရဲတပ်ဖွဲ့ဟာ မဲဆောက်မြို့နယ်၊ မဲ့ပကျေးရွာအုပ်စု၊ အုပ်စု ၁၀ မှာရှိတဲ့ နေအိမ်တလုံးကို ဝင်ရောက်ရှာဖွေခဲ့တာလို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်တဲ့သတင်းရင်းမြစ်ကနေသိရပါတယ်။ 

စုံစမ်းစစ်ဆေးချက်တွေအရ ဒီနေရာဟာ “Las Vegas LV177” လို့ အမည်ရတဲ့ အွန်လိုင်းလောင်းကစားဝက်ဘ်ဆိုက်ရဲ့ Admin တွေ ရုံးထိုင်တဲ့နေရာ ဖြစ်ပြီး၊ အဲဒီဝက်ဘ်ဆိုက်ဟာ ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကာလအတွင်း ဘောလုံးလောင်းကစားသမားတွေကို ဝန်ဆောင်မှုပေးနေတာ ဖြစ်ပါတယ်။

ဒီဝက်ဘ်ဆိုက်ဟာ တလကို ငွေကြေးလည်ပတ်မှု ဘတ်သန်းပေါင်း ၇၀ လောက်အထိ ရှိနေတယ်လို့ စစ်ဆေးတွေ့ရှိရပါတယ်။

ဒီစီးနင်းရှာဖွေမှုအတွင်းမှာ မြန်မာနိုင်ငံသား ၂ ယောက်ဖြစ်တဲ့ အသက် ၂၇ နှစ်အရွယ် မသစ္စာနွယ်နဲ့ အသက် ၂၆ နှစ်အရွယ် မဆည်းဆာနွယ်တို့ကို ဖမ်းဆီးရမိခဲ့ပါတယ်။

သူတို့ဟာ အွန်လိုင်းလောင်းကစားဝက်ဘ်ဆိုက်ရဲ့ Admin တွေအဖြစ် လုပ်ကိုင်ပြီး၊ ဝက်ဘ်ဆိုက်ဖောက်သည်တွေကို စာပြန်တာနဲ့ ဝန်ဆောင်မှုပေးတာတွေ ပြုလုပ်နေကြသူတွေ ဖြစ်ကာ တလကို လုပ်ခလစာ ဘတ် ၃၀,၀၀၀ လောက် ရရှိကြတယ်လို့ သိရပါတယ်။

ရဲတပ်ဖွဲ့ဟာ ကွန်ပျူတာတွေ၊ လက်ကိုင်ဖုန်းတွေ၊ အိုင်ပက် (iPad) တွေ၊ ကွန်ရက်ပစ္စည်းတွေအပြင် ငွေသား ဘတ် ၃၅,၀၀၀၊ ရွှေနဲ့တူတဲ့ လက်ဝတ်ရတနာတွေ၊ ဘုရားရုပ်ပွားတော်တွေနဲ့ ဘဏ်စာအုပ် အများအပြားကို သိမ်းဆည်းရမိခဲ့ပြီး၊ ငွေကြေးလမ်းကြောင်းကို ဆက်လက်စစ်ဆေးနေပါတယ်။

ကနဦးမှာတော့ ရဲတပ်ဖွဲ့က တရားခံတွေနဲ့ သက်သေခံပစ္စည်းတွေကို မဲဆောက်မြို့နယ် ရဲစခန်းကို ပို့ဆောင်ပြီး၊ ခွင့်ပြုချက်မရှိဘဲ အွန်လိုင်းလောင်းကစားခြင်းမှာ ပါဝင်ပတ်သက်မှု၊ လောင်းကစားဖို့ လှုံ့ဆော်မှုတို့နဲ့ အရေးယူထားပါတယ်။

ဒါ့အပြင် ဆက်စပ်သူတွေ၊ ဝက်ဘ်ဆိုက်တာဝန်ခံတွေနဲ့ အကျိုးအမြတ်ရရှိသူတွေကိုလည်း ဆက်လက်ဖော်ထုတ်နေပါတယ်။

အွန်လိုင်းလောင်းကစားတာဟာ ဥပဒေနဲ့ ဆန့်ကျင်နေပြီး ပိုင်ဆိုင်မှုတွေ ဆုံးရှုံးနိုင်ရုံတင်မကဘဲ၊ ကိုယ်ရေးအချက်အလက်နဲ့ ဘဏ္ဍာရေးအချက်အလက်တွေကို အလွဲသုံးစားလုပ်တဲ့ မသမာသူတွေရဲ့ သားကောင် ဖြစ်လာနိုင်တယ်လို့ ဆိုက်ဘာရဲတပ်ဖွဲ့က ပြည်သူတွေကို သတိပေးထားပါတယ်။ 

ဒါကြောင့် အွန်လိုင်းလောင်းကစားဖို့ လှုံ့ဆော်နေတဲ့ ဝက်ဘ်ဆိုက် ဒါမှမဟုတ် လူမှုကွန်ရက် စာမျက်နှာတွေကို တွေ့ရှိရင် ဆိုက်ဘာရဲတပ်ဖွဲ့ထံ သတင်းပေးပို့နိုင်ပြီး၊ အွန်လိုင်းရာဇဝတ်မှုတွေကို အတူတကွ တားဆီးကာကွယ်သွားကြဖို့ တိုက်တွန်းထားပါတယ်။

Photo: Thai Official

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013