
နေရွှေဝင်းအထည်ချုပ်စက်ရုံက လုပ်ငန်းခွင်အတွင်း တောင်းဆိုမှုလုပ်ခဲ့တဲ့ အလုပ်သမားတွေကို လုပ်ငန်းခွင် ပြန်ဝင်ရောက်ခွင့်ပေးဖို့ မေ ၁၈ ရက်မှာ နှစ်ဖက်သဘောတူညီမှု ရရှိခဲ့တယ်လို့ အလုပ်သမားတွေဘက်က ကူညီပေးနေတဲ့ ရွှေပြည်သာမြို့နယ် အထည်ချုပ်သမဂ္ဂက အသိပေး ထုတ်ပြန်ပါတယ်။
သမဂ္ဂအဖွဲ့ဝင်တချို့ အလုပ်ထုတ်ခံရတာနဲ့ပတ်သက်ပြီး ကန့်ကွက်ခဲ့ကြတဲ့ အလုပ်သမားတွေကို လုပ်ငန်းခွင် မဝင်ရောက်လိုသူတွေလို့ ဆိုကာ မေ ၁၂ ရက်ကစလို့ စက်ရုံခြံဝင်းအတွင်း မဝင်ဖို့ နေရွှေဝင်းစက်ရုံ HR မန်နေဂျာက တားမြစ်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီဖြစ်စဥ်နဲ့ပတ်သက်လို့ မေ ၁၈ ရက်မှာ အလုပ်ရှင်၊ အလုပ်သမား နှစ်ဖက်ညှိနှိုင်းဆွေးနွေးခဲ့ပြီး အလုပ်သမား ၈၄ ယောက်လုံး လုပ်ငန်းခွင်ပြန်ဝင်ဖို့ သဘောတူညီချက် ရရှိခဲ့တာလို့ မြို့နယ် အထည်ချုပ်သမဂ္ဂက ဆိုပါတယ်။
နှစ်ဖက်ညှိနိူင်းပြီးနောက် လုပ်ငန်းခွင်အငြင်းပွားမှု ထပ်ဖြစ်ရင် အလုပ်သမားဥပဒေအတိုင်း အဆင့်ဆင့် ဖြေရှင်းဆောင်ရွက်ဖို့၊ လုပ်ငန်းခွင်ပြန်ဝင်မဲ့ အလုပ်သမားတွေကို ခွဲခြားဆက်ဆံတာ မလုပ်ဘဲ မူလအခွင့်အရေး ခံစားခွင့်တွေအတိုင်း လက်ခံဖို့ ဆိုတဲ့ အချက်တွေ သဘောတူညီမှု ယူခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် သဘောတူစာချုပ် ချုပ်တဲ့နေ့ကစပြီး ၁ နှစ်အတွင်း အလုပ်သမားတွေ အခုလို တောင်းဆို တာ ထပ်မလုပ်ဖို့ ဆိုတဲ့အချက်ကိုလည်း ထည့်သွင်းခဲ့ပါတယ်။
အဲဒီလို တောင်းဆိုတာ ထပ်မလုပ်ဖို့ဆိုတဲ့ အချက်က အလုပ်သမားအဖွဲ့အစည်းတွေရဲ့ လွတ်လပ်စွာ စည်းရုံးဟောပြောခွင့်ကို တားဆီးပိတ်ပင်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ နေရွှေဝင်းစက်ရုံ အလုပ်သမားအရေးစောင့်ကြည့်ကူညီပေးနေတဲ့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ် (STUM) က မှတ်ချက်ပြုပါတယ်။
“ILO က ပြောနေတဲ့ အချက်တွေအရဆို နေရွှေဝင်းက အချက်အားလုံးနဲ့ ကိုက်ညီနေတာ။ လက်ရှိ ချုပ်နေတဲ့ brand တွေ ဘာဆက်လုပ်မလဲ စောင့်ကြည့်မယ်။”
နေရွှေဝင်းအထည်ချုပ်စက်ရုံကို ရွှေပြည်သာမြို့နယ်မှာ ဖွင့်လှစ်ထားတာဖြစ်ပြီး အလုပ်သမား ၇၀၀ ဝန်းကျင်နီးပါး ဝင်ရောက်လုပ်ကိုင်နေကာ Terranova၊ LC Waikiki၊ Defacto၊ Sky Fashion၊ Calliope၊ GEMO၊ Pimkie နဲ့ Only စတဲ့ ကုန်အမှတ်တံဆိပ် (Brands) အထည်တွေ ချုပ်လုပ် နေတာလို့ အလုပ်သမားတွေက ပြောပါတယ်။
အဲဒီစက်ရုံမှာ အခုအငြင်းပွားမှု မတိုင်ခင်ကလည်း လုပ်ငန်းခွင်မှာ အဓိက ဖိနှိပ်ခြယ်လှယ်နေတဲ့ HR မန်နေဂျာနဲ့ အဲဒီဌာနကသူတွေကို ချိန်းပေးဖို့ အလုပ်သမားတွေက တောင်းဆိုခဲ့ပါတယ်။










