
နေပြည်တော်မှာ ပြီးခဲ့တဲ့လက လေပြင်းတိုက်ခတ်ပြီး နေအိမ်တွေ ပျက်စီးဆုံးရှုံးသွားတဲ့ လေဘေးသင့်ဒေသခံတွေဟာ နေအိမ်အသစ် ပြန်မဆောက်နိုင်သေးတာကြောင့် လက်ရှိအချိန်အထိ ယာယီတဲထိုးပြီး နေနေရပါတယ်။
ဧပြီလအတွင်း နေပြည်တော်က မြို့နယ်တွေမှာ မိုးသက်လေပြင်း တိုက်ခတ်မှုဒဏ်ကြောင့် လူနေအိမ်အလုံး ၃၀ ကျော် ပျက်စီးခဲ့တာပါ။
လေဘေးဒဏ်သင့် အရပ်သားတွေကို စစ်အာဏာရှင်လက်အောက်ခံ အုပ်ချုပ်ရေးအဖွဲ့တွေက ပျက်စီးသွားတဲ့ အိမ်တွေအပေါ် မူတည်ပြီး ကျပ် ၃၀,၀၀၀ ကနေ ၆၀,၀၀၀ ထောက်ပံ့ပေးပြီး ဓာတ်ပုံရိုက်ယူသွားတယ်လို့ သိရပါတယ်။
ဒါပေမဲ့ မိုးသက်လေပြင်း တိုက်ခတ်မှုဒဏ်ကြောင့် ပျက်စီးသွားတဲ့ လူနေအိမ်တွေဟာ ထောက်ပံ့ကြေးနဲ့ ပြင်ဆင်ရမဲ့ စရိတ်မကာမိတာကြောင့် အိမ်တွေပြန်ပြင်ဆင်ဖို့ အခက်ကြုံ နေရတာလို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။
လယ်ဝေးမြို့နယ်က ဒေသခံတယောက်က “အရင်ဆို ခုလို နွေရာသီမှာ တခါမှ မကြုံဖူးပါဘူး။ လေက ရုတ်တရက်ကြီး ထတိုက်လိုက်တာ အိမ်တခုလုံး လွင့်ကုန်တာ။ အိမ်အမိုးက ခေါင်တိုင်ပါ အနောက်လမ်းကို ရောက်သွားတာ” လို့ ပြောပါတယ်။
ဧပြီ ၁၃၊ ၁၄၊ ၁၅ ရက်တွေမှာ လေပြင်းတိုက်ခတ်မှုဒဏ်ကြောင့် နေပြည်တော်က မြို့နယ်တွေမှာ လူနေအိမ်တွေ အဓိကပျက်စီးသွားတာ လို့ နေပြည်တော်အခြေပြု ကူညီကယ်ဆယ်ရေးအဖွဲ့ဝင် တယောက်က ပြောပါတယ်။
ဧပြီ ၁ ရက်ကနေ ၃၀ ရက်အထိ တလအတွင်း နေပြည်တော်က မြို့နယ်တွေမှာ မိုးသက်လေပြင်း တိုက်ခတ်မှုဒဏ်ကြောင့် သင်္ကြန်မဏ္ဍပ် ၇ ခု၊ လျှပ်စစ်မီးတိုင်း ၉ တိုင်၊ အိမ်စီးကား ၁ စီးနဲ့ လူနေအိမ်အလုံး ၃၀ ကျော် ပျက်စီးခဲ့ပါတယ်။
ပြီးခဲ့တဲ့ တလအတွင်း တပ်ကုန်း၊ လယ်ဝေး၊ ပျဉ်းမနား၊ ပုဗ္ဗသီရိ၊ ဥတ္တရသီရိ၊ ဇမ္ဗူသီရိ၊ဒက္ခိဏသီရိ စတဲ့မြို့နယ်တွေက လူနေအိမ် ၂၁ လုံး ပြိုကျပျက်စီးခဲ့ပြီး နေအိမ် ၁၁ လုံး တစိတ်တပိုင်း ပျက်စီးမှု ဖြစ်ပေါ်ခဲ့တာလို့ သိရပါတယ်။










