
ကရင်ပြည်နယ်၊ ဘားအံမြို့မှာ စက်သုံးဆီ အခက်အခဲတွေကြောင့် စက်မှုလုပ်ငန်းတချို့နဲ့ တပိုင်တနိုင် စီးပွားရေးလုပ်ငန်းတွေ ရပ်နားထားရတဲ့အပြင် အလုပ်သမား လျှော့ချတာတွေနဲ့ ရင်ဆိုင်နေရတယ်လို့ လုပ်ငန်းရှင်တွေနဲ့ အလုပ်သမားတွေက ပြောပါတယ်။
အရှေ့အလယ်ပိုင်းနိုင်ငံတွေမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲကြောင့် ဖြစ်ပေါ်လာတဲ့ စက်သုံးဆီ အကျပ်အတည်းဟာ မြန်မာနိုင်ငံအနှံ့ ရင်ဆိုင်နေပြီး အဲဒီထဲမှာ ကရင်ပြည်နယ်၊ ဘားအံမြို့လည်း ပါဝင်နေပါတယ်။
ဘားအံမှာ စက်သုံးဆီဝယ်တဲ့အခါ ဆိုင်ကယ်ကို ကျပ် ၅,၀၀၀၊ ယာဉ်ငယ်တစီးကို ကျပ် ၃၀,၀၀၀ နဲ့ ယာဉ်ကြီးတစီးကို ကျပ် ၅၀,၀၀၀ ဖိုးစီ အချိန်ပိုင်းနဲ့ ရောင်းချပေးတဲ့အပြင် ဆီပြတ်လပ်တာတွေနဲ့ ရင်ဆိုင်နေရပါတယ်။
ဒါ့အပြင် ဘားအံမြို့မှာ တပိုင်တနိုင် စီးပွားရေးလုပ်ငန်းအတွက် စက်သုံးဆီဝယ်ယူရာမှာ ၅ ဂါလန် ပုံးဝါတပုံးကို အရင်ကကျပ် ၂ သိန်းခွဲကနေ ကျပ် ၂ သိန်း ၈ သောင်းထိ ဈေးနှုန်းရှိခဲ့ပြီး အခု ကျပ် ၃ သိန်းကျော်နဲ့ ဝယ်ယူရခက်ခဲလာတာကြောင့် အထည်ချုပ်စက်ရုံတွေ အပါအဝင် လုပ်ငန်းတချို့ ရပ်နားလိုက်ရပါတယ်။
လုပ်ငန်းရှင်တယောက်က “(စီးပွားရေးလုပ်ငန်းတွေ) ဆီက ဘယ်လိုမှ ဝယ်လို့မရတော့ဘူး။ လုပ်ငန်းတွေ တချို့ရပ်ပြီ။ ဆီမှမရတော့ဘဲ။ အဲဒါမှမရရင် ဘယ်လိုမှ လုပ်မရဘူး။ ခက်တာက တကယ်အသုံးလိုလို့ တန်းလာစီတဲ့လူရှိတယ်။ နောက် ဆီက လိုချင်သလို မရဘူးလေ။ ချိန်ဆပြီး ပေးတယ်။ ၃၀,၀၀၀ ဖိုးတို့ ၅၀,၀၀၀ ဖိုးတို့ ၂၀,၀၀၀ ဖိုးတို့ အဲလိုမျိုးတွေပေါ့။ သတ်မှတ်တဲ့အချိန် ရှိတယ်လေ။ တော်တော်လေးရှုပ်နေပြီ အခုက။ အခုက(အပြင်ဈေး) ၅ ဂါလန် ပုံးတပုံးကို ၃ သိန်းကျော်သွားပြီ။ ဈေးက တဖြည်းဖြည်းတက်နေတာ။ တနိုင်တပိုင်တွေ ဘာမှလုပ်လို့ မရတော့ဘူး။ ဘာလုပ်လို့ လုပ်ရမှန်း မသိတော့ဘူး” လို့ ပြောပါတယ်။
ကရင်ပြည်နယ်အတွင်း နိုင်ငံသားပိုင် စက်ရုံ အလုပ်ရုံ ၅၀၀ ကျော်၊ နိုင်ငံခြားသားပိုင် စက်ရုံ ၃ ရုံရှိပြီး အလုပ်သမားပေါင်း ၆,၀၀၀ ကျော် ဝင်ရောက်အလုပ်လုပ်နေတာပါ။
လက်ရှိ လုပ်ငန်းလည်ပတ်နေတဲ့ တပိုင်တနိုင် စီးပွားရေးလုပ်ငန်းတွေဟာ စက်သုံးဆီ အခက်အခဲကြောင့် အထည်ချုပ်ရုံတွေ အပါအဝင် အလုပ်သမား လျှော့ချတာတွေ ရှိနေပါတယ်။
အလုပ်သမားတယောက်က “စက်သုံးဆီကို အားကိုးလုပ်ကိုင်ရတဲ့ စက်ရုံ အလုပ်ရုံတွေ ပိတ်သိမ်းလိုက်ရတာ ရှိတယ်။ အလုပ်သမားတွေ လျှော့ချလိုက်တာတွေ ရှိတယ်။ တချို့စက်ရုံတွေဆိုရင် အလုပ်သမား ၁၀ ယောက်ကနေ ၁၅ ယောက်အထိ လိုအပ်ရင် လိုအပ်သလောက် လျှော့ချလိုက်တယ်။ ကျမတို့စက်ရုံက ဘယ်လိုလာမလဲ ပြောမတတ်သေးဘူး။ အခု အခြေအနေတွေ စောင့်ကြည့်နေရတယ်။ အလုပ်ရပ်လိုက်ရတဲ့ အလုပ်သမားတွေဆိုရင် မိသားစု စားဝတ်နေရေး ခက်ခဲကုန်တယ်။ နောက်ထပ် အလုပ်ရှာဖို့က အခုအခြေအနေနဲ့ အလုပ်အကိုင် ရှားပါးတဲ့အတွက် ရှာရမလွယ်ဘူး” လို့ ပြောပါတယ်။
မတ် ၂၀ ရက်က စစ်ကောင်စီက ဓာတ်ဆီ ၉၁ တလီတာ ကျပ် ၃,၇၀၀၊ ဓာတ်ဆီ ၉၅ တလီတာ ၃,၉၀၀ ကျော်၊ ဒီဇယ် တလီတာ ၄,၄၀၀ ကျော် သတ်မှတ်ထားပေမဲ့ စက်သုံးဆီအရောင်းဆိုင်တွေမှာ ဆီဈေးနှုန်းတွေကို တရားဝင်ကြေညာတာ မရှိပါဘူး။
ဒါ့အပြင် ဘားအံမြို့မှာ လိုင်စင်မဲ့ယာဉ်တွေနဲ့ ဆိုင်ကယ်တွေကို စက်သုံးဆီ မရောင်းချပေးတဲ့အပြင် ဆီအရောင်းဆိုင်တွေကနေ စောင့်ဆိုင်း ဖမ်းဆီးနေတာကြောင့် ဘက်ပေါင်းစုံကနေ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။










