
NATO အဖွဲ့ဝင် ဘူလ်ဂေးရီးယားနိုင်ငံရဲ့ ကမ်းလွန်ပင်လယ်နက်မှာ အောက်တိုဘာ ၆ ရက်က ဒရုန်းတိုက်ခိုက်မှုကြောင့် သင်္ဘော ၂ စင်း ထိမှန်သွားပြီးနောက် သင်္ဘောတွေ နစ်မြုပ်သွားခဲ့လို့ ကုန်သင်္ဘောတစင်းရဲ့ သင်္ဘောသားတွေ ပျောက်ဆုံးနေပါတယ်။
ဖြစ်ရပ်ဟာ နိုင်ငံတကာဥပဒေကို ချိုးဖောက်တဲ့ တိုက်ခိုက်မှုဖြစ်ပြီး အဆုံးအစမရှိ လက်နက်တွေ တပ်ဆင်နေတာထက် သံတမန်ရေးက ပိုစရိတ်သက်သာတယ်လို့ ဝန်ကြီးချုပ် ရူမန် ရာဒက်ဗ်က ပြောပါတယ်။
ဘူလ်ဂေးရီးယား အရှေ့ပိုင်း ဘာလာမြို့ကနေ ရေမိုင် ၇၀ အကွာမှာ တိုဂိုအလံတင်သင်္ဘော ALFA WATAN နဲ့ ပလောင်းအလံတင်သင်္ဘော ABLE တို့ တိုက်ခိုက်ခံရလို့ အရေးပေါ် အကူအညီ တောင်းခံခဲ့ကြတာပါ။
ဘူလ်ဂေးရီးယား ရေပိုင်နက်ထဲမှာ ပထမဆုံးအကြိမ် တိုက်ခိုက်ခံရတာဖြစ်ပြီး အဲဒီ ဒရုန်း တိုက်ခိုက်မှုကို ဘယ်သူတွေ လုပ်ဆောင်ခဲ့လဲဆိုတာ ချက်ချင်း မသိရသေးပါဘူး။
ဒါပေမဲ့ ယူကရိန်းမှာ စစ်ပွဲဆင်နွှဲနေတဲ့ ရုရှားရဲ့ ဟိုက်ဘရစ် တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး စိုးရိမ် ပူပန်မှုတွေက တိုးပွားလာနေပါတယ်။
ကောက်ပဲသီးနှံတွေ တင်လာတဲ့ ပထမသင်္ဘောက သင်္ဘောသားတွေကို ဒဏ်ရာရသူ ၂ ယောက်နဲ့ အတူ ကယ်ဆယ်နိုင်ခဲ့ပေမဲ့ နစ်မြုပ်သွားတဲ့ တိုဂိုသင်္ဘောက သင်္ဘောသားတွေကတော့ ပျောက်ဆုံး နေဆဲ ဖြစ်ပါတယ်။
ပျောက်ဆုံးနေတဲ့ သင်္ဘောသားတွေနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ခြိမ်းခြောက်မှု ရှိ၊ မရှိကို ရှာဖွေမှု တွေ စတင်လုပ်ဆောင်နေပါပြီ။
သင်္ဘော ၂ စင်းစလုံးက အရေးပေါ် အကူအညီတောင်းခံတဲ့ အချက်ပြမှုတွေ ပေးပို့ခဲ့ကြပြီး ဒရုန်းတွေနဲ့ တိုက်ခိုက်ခံခဲ့ရတာလို့ ဘူလ်ဂေးရီးယားဘက်က သတင်းရင်းမြစ်တွေက ပြောပါတယ်။
ဝန်ကြီးချုပ် ရာဒက်ဗ်က အရပ်ဘက်သင်္ဘောတွေပါ တိုက်ခိုက်ခံရတာကြောင့် စစ်ပွဲတွေ ပိုကျယ်ပြန့်လာကာ ကမ္ဘာ့စစ်ပွဲအထိ ဖြစ်လာနိုင်တယ်လို့ သတိပေးပါတယ်။
ဒါ့အပြင် နယ်မြေကာကွယ်ရေးအတွက် လုပ်ဆောင်ရမှာဖြစ်ပေမဲ့ စစ်ပွဲထဲ ငွေတွေပုံအောပြီး လက်နက်တပ်ဆင်နေတာက သံတမန်ရေး ကြိုးပမ်းမှုတွေထက် အများကြီး ပိုကုန်ကျတယ်လို့ ဆိုပါတယ်။
ဒီတိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် လေကြောင်းရန်ကာကွယ်ရေး ဒုံးကျည်စနစ် ၅ ခု ထပ်ဝယ်ဖို့ အစိုးရ က အတည်ပြုခဲ့ပါတယ်။
ဒီတိုက်ခိုက်မှုနောက်ကွယ်မှာ ရုရှားရှိနေတယ်လို့ ယူကရိန်းသမ္မတ ဇလန်းစကီးနဲ့ ရေကြောင်း လုံခြုံရေး သတင်းရင်းမြစ်တွေက ပြောပေမဲ့ ရုရှားဘက်ကတော့ တုံ့ပြန်တာ မရှိသေးပါဘူး။
၂၀၂၂ ခုနှစ်မှာ ရုရှားက ယူကရိန်းကို ကျူးကျော်ဝင်ရောက်လာကတည်းက ဥရောပနိုင်ငံတွေမှာ ရုရှား ဒရုန်းတွေက သူတို့ရဲ့ လေပိုင်နက်ကို အကြိမ်ကြိမ် ချိုးဖောက်ခဲ့တာတွေနဲ့ ကုန်သွယ်ရေးနဲ့ စွမ်းအင် လမ်းကြောင်းတွေပေါ်မှာ ပင်လယ်နက်အတွင်း မိုင်းတွေ မျောပါနေတာတွေကို သတင်းထုတ်ပြန်ခဲ့ ကြပါတယ်။
Source: Reuters











