
ထိုင်းမြောက်ပိုင်း၊ မယ်ဟောင်ဆောင်ခရိုင်၊ မဲ့စရီးယန်းမြို့နယ်ထဲမှာ ကြက်ဥပြုတ်ရာက ထူးဆန်းစွာ ပန်းခရမ်းရောင်ဖြစ်လာတာကို တွေ့ရှိတာကြောင့် စားသုံးသူတွေကြား စိုးရိမ်မကင်းဖြစ်နေကြပြီး ပုံမှန်မဟုတ်တဲ့ အစားအစာတွေ မစားသုံးကြဖို့ ကျန်းမာရေးဌာနက သတိပေးတဲ့အကြောင်း ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
မဲ့စရီးယန်းမြို့နယ်၊ မိုင်းယုမ်းတိုက်ရွာနေ ရွာသားတယောက်ဟာ ဇွန် ၁၅ ရက်က ဈေးဆိုင်က ဝယ်လာတဲ့ ကြက်ဥကို ပြုတ်ပြီး စားဖို့ အခွံခွာလိုက်ရာမှာတော့ ကြက်ဥအကာမှာ ပန်းရောင်ဖြစ်ပြီး အနှစ်မှာ ခရမ်းရောင်လို ဖြစ်နေတာကို အံ့အားသင့်စွာ တွေ့လိုက်ရပါတယ်။
ဘေးအန္တရာယ်ဖြစ်မှာစိုးလို့ မစားဝံ့တော့ဘဲ ရွာသူကြီးကို သွားပြလိုက်တယ်၊ သူကြီးက အုပ်ချုပ်ရေးရုံးကို ဆက်ပြီးအကြောင်းကြားတာမှာ တာဝန်ရှိသူတွေက ကွင်းဆင်းပြီး ကျန်ရှိကြက်ဥတွေပါ ပြုတ်ကြည့်တယ်၊ ဒါပေမဲ့ ပထမတလုံးသာ ပန်းရောင်ဖြစ်ပြီး ကျန်ကြက်ဥတွေက ပုံမှန်ဖြစ်နေပါတယ်။
ကြက်ဥဝယ်လာတဲ့ ဆိုင်ကို သွားရောက်စစ်ဆေးတာမှာ ဆိုင်ရှင်ကတော့ သူဟာ အဲဒီကြက်ဥတွေကို ချင်းမိုင်ရှိ လက္ကားဆိုင်ကနေ မှာယူရောင်းချခဲ့တယ်၊ ကြက်ဥရောင်းလာတာ ၁၀ နှစ်လောက်ရှိပြီ၊ ဒီလို အရောင်ထွက်လာတာ မတွေ့ဖူးဘူး၊ ဒီလို ထူးဆန်းတဲ့အရောင်တွေ့ရင် ဆိုင်မှာ အကောင်းနဲ့ ပြန်လာလဲယူရကြောင်း ပြောပါတယ်။
တာဝန်ရှိသူတွေက အဆိုပါ ပန်းခရမ်းရောင်ကြက်ဥကို မြို့နယ်ပြည်သူ့ကျန်းမာရေးဌာကို ပို့ပေးခဲ့သလို ပြည်သူတွေကိုလည်း အစားအစာတွေ ပုံမှန်မဟုတ်ရင် မစားသုံးဘဲ သက်ဆိုင်ရာကို အကြောင်းကြားဖို့ သတိပေးထားပါတယ်။
မယ်စရီးရန်း ပြည်သူ့ကျန်းမာရေးဌာန တာဝန်ရှိသူက အဆိုပါကြက်ဥကို ဓာတ်ခွဲခန်းမှာ စစ်ဆေးကြည့်တာမှာ ကြက်ဥအစစ်ဖြစ်တယ်၊ အတုမဟုတ်ဘူး၊ ခုလို အရောင်ပြောင်းလဲသွားတာက ရာသီဥတု စိုထိုင်းဆကြောင့် ကြက်ဥထဲ ဘက်တီးရီးယားပိုး ဝင်သွားတာ ဖြစ်နိုင်တယ်၊ ပိုပြီး သေချာအောင် ချင်းမိုင်ခရိုင် ဗဟိုပြည်သူ့ကျန်းမာရေးဌာန ဓာတ်ခွဲခန်းကို ဆက်လက် ပေးပို့ထားတယ်၊ တပတ်ခန့်ကြာမှ အဖြေသိရမယ်လို့ ဆိုပါတယ်။
Source: Thairath News / Maesarein Radio










