
ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်မှာ အင်္ဂလန်ကို အနိုင်ရပြီးနောက် ဖော့ကလန်ကျွန်းနဲ့ ပတ်သက်တဲ့ နိုင်ငံရေးစာတန်း ကိုင်ဆောင်အောင်ပွဲခံခဲ့တဲ့ အာဂျင်တီးနားကစားသမားတွေကို အရေးယူမှုတွေ လုပ်မလုပ် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) အဖွဲ့ချုပ်က စစ်ဆေးအကဲဖြတ်နေတယ်လို့ Sky sports က ဖော်ပြပါတယ်။
အာဂျင်တီးနား ကစားသမားတွေဟာ ဖော့ကလန်ကျွန်းဟာ သူတို့ပိုင်ဆိုင်ကြောင်း ရေးသားထားတဲ့ မာလ်ဗီးနပ်စ် စာတန်းကို ကိုင်ဆောင်ခဲ့ကြတာပါ။
ဒါဟာ ပြိုင်ပွဲအတွင်း နိုင်ငံရေးကြွေးကြော်သံတွေ မသုံးရဆိုတဲ့ ဖီဖာရဲ့စည်းမျဉ်းကို ချိုးဖောက်ခဲ့တာဖြစ်လို့ အရေးယူဖို့ ဗြိတိန်တာဝန်ရှိသူတွေ တောင်းဆိုထားတာကို ဝန်ကြီးချုပ်ကလည်း ထောက်ခံကြောင်း ဗြိတိန်ဝန်ကြီးချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
ဗြိတိန်အစိုးရအနေနဲ့ သူတို့ရဲ့ရပ်တည်ချက်ကို ပြောင်းလဲမှာမဟုတ်ဘူးလို့လည်း ပြောရေးဆိုခွင့် ရှိသူက ဆက်လက်ပြောဆိုထားပါတယ်။
အာဂျင်တီးနားအသင်းဟာ အင်္ဂလန်ကို ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲအပြီးမှာ "မာလ်ဗီးနပ်စ်" လို့ ရေးထားတဲ့ စာတန်းကိုကိုင်ပြီး အောင်ပွဲခံခဲ့တာပါ။
မာလ်ဗီးနပ်စ်ဆိုတာ အင်္ဂလန်နဲ့ အာဂျင်တီးနားအကြား ပိုင်နက်အငြင်းပွားနေတဲ့ ဖော့ကလန်ကျွန်းစုကို အာဂျင်တီးနားဘက်က ခေါ်တဲ့အမည် ဖြစ်ပါတယ်။
ဖော့ကလန်ကျွန်းပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး အာဂျင်တီးနားနဲ့ ဗြိတိန်အကြား ၁၉၈၂ ခုနှစ်ကတည်းက စစ်ပွဲဖြစ်ပွားခဲ့တာမှာ အာဂျင်တီးနားတို့ စစ်ရှုံးခဲ့တာဖြစ်ပါတယ်။
ဒီလို နိုင်ငံရေးအရ အထိမခံတဲ့ စာတန်းကို ကိုင်ဆောင်ခဲ့တာကြောင့် အာဂျင်တီးနား ကစားသမားတွေဟာ ပွဲပယ်ပြစ်ဒဏ်နဲ့ ရင်ဆိုင်ရဖို့ ရှိနေပါတယ်။
ဒီအောင်ပွဲခံမှုမှာ ပါဝင်ခဲ့တဲ့ ကစားသမားတွေထဲမှာ အင်္ဂလန်မြေမှာ လက်ရှိကစားနေတဲ့ ကစားသမား ၂ ယောက်လည်း ပါဝင်နေတာ ဖြစ်ပါတယ်။
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) ကတော့ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး နောက်ထပ် လုပ်ဆောင်မဲ့ အဆင့်တွေကို ဆုံးဖြတ်သွားမယ်လို့ ထုတ်ဖော်ပြောကြားထားပါတယ်။
ဒါကြောင့် အာဂျင်တီးနား ကစားသမားတွေဟာ ဖီဖာရဲ့ အရေးယူမှုကို စိုးရိမ်တကြီးနဲ့ စောင့်ဆိုင်းနေကြရပါတယ်။










