ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့မှာ နေထိုင်တဲ့ ၁၂ ဘီးကားမောင်းသူတယောက် စလော့ဂိမ်းရှုံး လို့ ဆွဲကြိုးချသတ်သေမှု ဇူလိုင် ၃ ရက် မနက်ပိုင်းက ဖြစ်ပွားခဲ့ပါတယ်။
သေဆုံးသူဟာ ညောင်ရွှေမြို့ ၊ အမှတ် ၁ ရပ်ကွက်မှာ နေထိုင်တဲ့ လှိုင်မင်း ဖြစ်ပြီး အသက် ၂၅ နှစ် ဝန်းကျင်သာ ရှိသေးတယ်လို့ ဒေသခံထံက သိရပါတယ်။
သေဆုံးသူဟာ ငွေကျပ် သိန်း ၁၀၀ ကျော် စလော့ဂိမ်းရှုံးသွားတဲ့အတွက် အောင်ပန်း - ကလော ကားလမ်းမပေါ်မှာ ဒီကနေ့ မနက်ပိုင်းက အဆုံးစီရင်သွားတာလို့ ဆိုပါတယ်။
ဒေသခံတယောက်က "မိုးကာချည်တဲ့ကြိုးနဲ့ လုပ်သွားတာ။ အောင်ပန်း - ကလော လမ်းခွဲ တိုးဂိတ် အကျော်နားလေးမှာ။ ကုန်ဖိုးတွေ ဂိမ်းရှုံးသွားလို့လို့ ကြားတာပဲ" လို့ ဆိုပါတယ်။
သေဆုံးသူရဲ့ ရုပ်အလောင်းကို အောင်ပန်းပရဟိတအသင်းက တာဝန်ယူပြီး ဆေးရုံကို ပို့ဆောင် ပေးခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ နေ့စဉ် စလော့ဂိမ်းဆော့သူအရေအတွက် တိုးလာနေပြီး အဆိုပါ စလော့ဂိမ်းနဲ့ ဆက်နွှယ်တဲ့ ခိုးဆိုးလုနှိုက်မှုတွေအပြင် လူသတ်ဓားပြတိုက်မှုတွေလည်း ပိုမိုဖြစ်ပွားလာနေပါတယ်။
ပြီးခဲ့တဲ့ မေလကလည်း စလော့ဂိမ်းရှုံးတဲ့ မူလတန်းပြ ကျောင်းဆရာမတယောက်က ၂ လောင်းပြိုင် လူသတ်မှုကျူးလွန်ကာ ငွေနဲ့ပစ္စည်းတွေ ယူဆောင်ထွက်ပြေးမှု ပင်းတယမြို့နယ်မှာ ဖြစ်ပွား ခဲ့ပါတယ်။











