
မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်က ရွှေဆိုင်တဆိုင်မှာ ဒီကနေ့ ဇူလိုင် ၂၀ ရက် ညနေက ဓားပြတိုက်ခံရပြီး ရွှေ ၁ ပိဿာဝန်းကျင် ပါသွားတယ်လို့ မြို့ခံသတင်းရင်းမြစ်ဆီက သိရပါတယ်။
ချမ်းမြသာစည်မြို့နယ် ၁၁၀ လမ်း၊ ၆၂ လမ်းနဲ့ ၆၄ လမ်းကြားမှာရှိတဲ့ မီလျံနာရွှေဆိုင်မှာ ဒီကနေ့ ညနေ ၃ နာရီဝန်းကျင်က ဓားပြတိုက်ခံခဲ့ရတာဖြစ်ပြီး ကျူးလွန်သူတွေကို မဖမ်းဆီးနိုင်သေးဘူးလို့ သိရပါတယ်။
မန္တလေးမြို့ခံတယောက်က “မမိသေးဘူး။ မြို့ထဲမှာတော့ ရဲတွေ ခြေရှုပ်နေတာပဲ။ ပိတ်ဆို့ တားဆီးစစ်ဆေးပေါ့ဗျာ၊ ဒါလောက်ပါပဲ” လို့ DVB ကို ပြောပါတယ်။
လူမှုကွန်ရက်မှာ ပျံ့နှံ့နေတဲ့ CCTV မှတ်တမ်းအရ ဓားပြတိုက်သူ ၅ ယောက်ဟာ ဆိုင်ကယ်တွေနဲ့ မီလျံနာရွှေဆိုင်ကို ရောက်လာပြီး သေနတ်ကိုင်ထားသူ ၃ ယောက်က ဆိုင်အတွင်းဝင်ရောက်ကာ ရွှေတွေကို ယူဆောင်သွားတာ တွေ့ရပါတယ်။
ခုခံဖို့ကြိုးစားတဲ့ ဆိုင်ဝန်ထမ်း ၂ ယောက်ကိုလည်း သေနတ်နဲ့ချိန်ကာ ရိုက်နှက်သွားတာတွေ့ရပြီး ဆိုင်ဝန်ထမ်းတယောက် ခေါင်းပေါက်ဒဏ်ရာရသွားတယ်လို့ မြို့ခံသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
အာဏာသိမ်းပြီးကတည်းက မန္တလေးမြို့မှာ ရွှေဆိုင်တွေကို ပစ်မှတ်ထား ဓားပြတိုက်တဲ့ဖြစ်စဉ်တွေ မကြာခဏဖြစ်ပွားနေပြီး အချို့ဖြစ်စဉ်တွေမှာ ယခုအချိန်ထိ လက်သည်မပေါ်သေးဘူးလို့ မန္တလေး မြို့ခံတွေဆီက သိရပါတယ်။











