
၂၀၂၆ ဖီဖာကမ္ဘာ့ဖလား ဗိုလ်လုပွဲကို ပြန်လည်ယှဉ်ပြိုင်ဖို့ အာဂျင်တီးနား ပရိသတ်တွေက အွန်းလိုင်းကနေ လက်မှတ်ရေးထိုး တောင်းဆိုနေတာမှာ လက်မှတ်ပေါင်း ၉၄,၀၀၀ ကျော် ရရှိ နေပြီ ဖြစ်ပါတယ်။
Change.org ဝက်ဆိုက်မှာ လွှင့်တင်ထားတဲ့ အဆိုပါ တောင်းဆိုလွှာမှာ ဇူလိုင် ၂၄ ရက် ဒီနေ့မနက် မြန်မာစံတော်ချိန် ၁၀ နာရီလောက်မှာ လက်မှတ်ပေါင်း ၉၄,၃၀၀ ကျော် စုဆောင်းရရှိ ထားပါတယ်။
ဒီလှုပ်ရှားမှုဟာ အွန်လိုင်းဒစ်ဂျစ်တယ် ပလက်ဖောင်းပေါ်မှာ ရေပန်းစားအားကောင်းလာနေပြီး စပိန်က အာဂျင်တီးနားကို (၁-၀) ဂိုးနဲ့ အနိုင်ရပြီး ချန်ပီယံဖြစ်သွားတဲ့ ကမ္ဘာ့ဖလား ဗိုလ်လုပွဲ ရလဒ်ကို မကျေနပ်လို့ ပြန်လည်ယှဉ်ပြိုင်ကစားဖို့ တောင်းဆိုနေကြတာပါ။
အမေရိကန်ပြည်ထောင်စု၊ နယူးဂျာစီကွင်းမှာ ဇူလိုင် ၁၉ ရက်က ယှဉ်ပြိုင်ကစားခဲ့တဲ့ ဗိုလ်လု ပွဲစဉ်အတွင်း ဖြစ်ပျက်ခဲ့တာတွေကို ပြန်လည်သုံးသပ်ပေးဖို့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) ကို တိုက်တွန်းထားပါတယ်။
ဒီတောင်းဆိုမှုကို အာဂျင်တီးနား ပရိသတ်တယောက်ဖြစ်တဲ့ ဂျီဆဲလာဆန်းချက်ဇ်က စတင်ခဲ့ပြီး ဗိုလ်လုပွဲအတွင်း စလိုဗေးနီးယား ကွင်းလယ်ဒိုင်လူကြီး ဆလပ်ဗ်ကိုဗင်းချစ်ချ်ရဲ့ ကိုင်တွယ် ဆောင်ရွက်မှုကို မေးခွန်းထုတ်ထားပါတယ်။
ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချကတချို့ဟာ ပွဲရလဒ်အပေါ် သက်ရောက်မှုရှိခဲ့တယ်လို့ စွပ်စွဲထားပြီး ဖြစ်ရပ်တွေကို ပြန်လည်သုံးသပ်ပေးဖို့ ဖီဖာကို တောင်းဆိုထားတဲ့အပြင် ပုံမှန်မဟုတ်တဲ့ မသမာမှု တွေ ရှိခဲ့တယ်လို့လည်း စွပ်စွဲထားမဲ့ ခိုင်လုံတဲ့ အထောက်အထားတွေကိုတော့ ပေးထားတာ မရှိပါဘူး။
ဒီပွဲမှာ အာဂျင်တီးနားကစားသမား ဖာနန်ဒက်စ်ဟာ စပိန်နောက်တန်း လူငယ်ကစားသမား ပေါလ် ကူဘာစီအပေါ် ပြစ်ဒဏ်ဘော ကျူးလွန်ခဲ့တာကြောင့် ၂ ဝါ ၁ နီနဲ့ အထုတ်ခံရပြီး အာဂျင်တီးနား အသင်း ၁၀ ယောက်နဲ့ ဆက်ကစားသွားခဲ့ရတာပါ။
ဗိုလ်လုပွဲ ပြီးဆုံးချိန်မှာလည်း အာဂျင်တီးနား ကွင်းလယ်လူ လီယန်ဒရို ပါရာဒက်စ်ဟာ စပိန် ကစားသမား အဲရစ်ဂါစီယာကို လက်နဲ့တွန်းပြီး ဂါဗီကို မြေပေါ်လဲကျအောင် လုပ်ခဲ့တာကြောင့် အနီကတ်ပြခံရပါတယ်။
အွန်လိုင်းကနေ အခုလို လက်မှတ်ရေးထိုးတောင်းဆိုမှုတွေဟာ အငြင်းပွားဖွယ် ဒိုင်လူကြီး ဆုံးဖြတ်ချက်တွေအပေါ် ပရိသတ်တွေရဲ့ မကျေနပ်မှုကို ဖော်ပြတဲ့ သာမန်နည်းလမ်းတခုသာ ဖြစ်ပြီး တရားဝင် စည်းမျဉ်းဆိုင်ရာ လုပ်ပိုင်ခွင့် မရှိလို့ တရားဝင် ပြိုင်ပွဲရဲ့ ရလဒ်ကို ပြောင်းလဲဖို့နဲ့ ဗိုလ်လုပွဲကို ပြန်ကစားဖို့ ဖီဖာကို ဖိအားပေးနိုင်မှာတော့ မဟုတ်ပါဘူး။
ဖီဖာရဲ့ စည်းမျဉ်းစည်းတွေမှာ ပြဋ္ဌာန်းထားတဲ့ သာမန်မဟုတ်တဲ့ အခြေအနေအောက်မှာ ဒါမှမဟုတ် သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့တွေရဲ့ ဆုံးဖြတ်ချက်နဲ့သာ ပွဲစဉ်တပွဲကို ပြန်လည် ယှဉ်ပြိုင် ကစားစေနိုင်မှာဖြစ်ပါတယ်။
Photo: Reuters











