DVB Logo
Home
မြန်မာသတင်း
ပြင်ပဆေးခန်းများတွင် H1N1 သံသယလူနာတွေ့ပါက ချက်ချင်းဓာတ်ခွဲခန်းပို့ စစ်ဆေးမည်
DVB
·
July 1, 2019
ပြင်ပဆေးခန်းများတွင် H1N1 သံသယလူနာတွေ့ပါက ချက်ချင်းဓာတ်ခွဲခန်းပို့ စစ်ဆေးမည်
Donate to DVB

H1N1ရာသီတုပ်ကွေးရောဂါဖြစ်ပွားတဲ့ အခြေအနေ စောင့်ကြပ်ကြည့်ရူတဲ့ စနစ်အရ ပြင်ပပုဂ္ဂလိကဆေးခန်းတွေမှာ သံသယလူနာတွေ့ပါက ချက်ချင်း ဓာတ်ခွဲခန်းပို့ စစ်ဆေးနိုင်ဖို့ လုပ်နေတယ်လို့ ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူက ပြောပါတယ်။

H1N1 ကြောင့် သေဆုံးသူ ၁၇ ဦးထိရှိလာပြီး ပြီးခဲ့တဲ့နှစ်နဲ့ နှိုင်းယှဉ်ရင် နှစ်ဆနီးပါးမြင့်တက်လာတာပါ။ ဒါကြောင့် ကျန်းမာရေးဝန်ကြီးဌာန အနေနဲ့ လူထု အသိပညာပေးတာတွေနဲ့ ရောဂါထိန်းချုပ်ကာကွယ်ရေးတွေအတွက် မြန်မာနိုင်ငံ ဆရာဝန်အသင်း၊ ကြက်ခြေနီအသင်းတွေနဲ့ ပူးပေါင်းလုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာဖြူဖြူအေးက “ရောဂါစောင့်ကြပ်ထောက်လှမ်းကြည့်ရှုတဲ့ အပိုင်းကလည်း အရေးကြီးတာကိုနော်။ အဲ့ဒီအပိုင်းကို တိုးချဲ့ပြီးဆောင်ရွက်ဖို့ မူလ ဆေးရုံကြီး ၈ ရုံသတ်မှတ်ထားရာကနေ ဆေးရုံကြီး ၁၅ ရုံအထိ တိုးချဲ့သွားဖို့ကို စီစဉ်နေတယ်။ နောက်ပြီး မြန်မာနိုင်ငံ ဆရာဝန်အသင်းနဲ့ ပူးပေါင်းပြီး ပြင်ပဆေးခန်းတွေမှာ ရောဂါပိုးသံသယရှိရင် ချက်ချင်းဓာတ်ခွဲခန်းကို ချိတ်ဆက်ပြီး စစ်ဆေးဖို့ ဆောင်ရွက်ဖို့ လုပ်နေပါတယ်။ ဒါကစောင့်ကြပ်ထောက်လှမ်းတဲ့စနစ်ကို ပိုပြီးတော့ အားဖြည့်ဆောင်ရွက်တာပဲ ဖြစ်ပါတယ်။” လို့ ပြောပါတယ်။

ရောဂါ ဖြစ်ပွားသူတွေ ရောက်ရှိလာပါက အချိန်မီကုသမှုပေးနိုင်ဖို့ ဓာတ်ခွဲစမ်းသပ်ပစ္စည်း တွေ၊ ကာကွယ်ရေးပစ္စည်းတွေနဲ့ ကုသဖို့ ဆေးဝါးတွေကို ကျန်းမာရေးဝန်ကြီးဌာနက ဆေးရုံကြီးတွေမှာ ပေးပို့ထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။

အထွေထွေရောဂါကုဆရာဝန် ဒေါက်တာဝင်းလွင်သိန်းက "ပြည်သူလူထုကို အဓိကပြောချင်တာက တုပ်ကွေးနဲ့ပတ်သက်ပြီး တုပ်ကွေးသည် ခြုံပြောရရင် သေနိုင်တဲ့ ရောဂါထဲမှာ ပါတယ်ဆိုတာ နံပါတ် ၁ သိနိုင်တယ်။ နံပါတ် ၂ က မဖြစ်ခင်မှာ တုပ်ကွေးကို ကာကွယ်သင့်တယ်၊ ဖြစ်လာရင်ကုသတဲ့နည်းနဲ့က တုပ်ကွေးလူနာတယောက်ဖြစ်ရင် ပဋိဇီဝဆေးတွေ ပေးကြတယ်။ အမှန်အဲ့ဒါတွေက မပေးသင့်ဘူး။ ကာကွယ်တဲ့နည်းက ၃ နည်းရှိတယ်။ နံပါတ် ၁ အကောင်းဆုံးနည်းက ကာကွယ်ဆေးပဲ၊ ဒုတိယနည်းက လက်ဆေးတဲ့နည်း၊ တတိယနည်းက နှာခေါင်း mask ကို အုပ်တဲ့နည်း။” လို့ ပြောပါတယ်။

H1N1 ဗိုင်းရပ်စ်ကြောင့် သေဆုံးတာများလာတဲ့အပေါ် ပြည်သူတွေသတိပြုမိတာက ၂၀၁၇ ခုနှစ်က စတင်ခဲ့တာဖြစ်ပြီး ရောဂါပိုးစစ်ဆေးတဲ့ သံသယလူနာ ၁၁၆၅ ဦးမှာ ပိုးကူးစက်ခံရသူလူနာ ၄၀၆ ဦးနဲ့ သေဆုံးလူနာ ၃၈ ဦးရှိခဲ့ပါတယ်။

၂၀၁၈ ခုနှစ်မှာတော့ သံသယလူနာ ၃၆၇ ဦး မှာ ရောဂါပိုးကူးစက်ခံရသူ ၁၃ ဦးရှိပြီး သေဆုံးသူမရှိတဲ့အထိ ဖြစ်ပွားတာ လျော့ကျခဲ့ပေမယ့် အခု ၂၀၁၉ ခုနှစ် ဇွန်လ အထိမှာတော့ ရောဂါပိုးစစ်ဆေးတဲ့ သံသယလူနာ၂၇၄ ဦးမှာ ပိုးကူးစက်ခံရသူ ၆၇ ဦးနဲ့ သေဆုံးသူလူနာ ၁၇ ဦးထိ ရှိလာတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013