DVB Logo
Home
နိုင်ငံတကာ
ထရမ့်ပ်-ရှီ ဆွေးနွေးပွဲ သဘောတူညီချက်များ အိမ်ဖြူတော် ထုတ်ပြန်
DVB
·
May 18, 2026
Photo: REUTERS/Evan Vucci/Pool/File Photo
Photo: REUTERS/Evan Vucci/Pool/File Photo
Donate to DVB

တရုတ်နိုင်ငံဟာ အမေရိကန်ဆီက ပဲပုပ်တွေဝယ်ယူဖို့နဲ့ မြေရှားသတ္တုတွေကို ဝယ်ယူခွင့် ပြန်ပေးဖို့အတွက် သဘောတူညီခဲ့ကြောင်း မေ ၁၇ ရက် အိမ်ဖြူတော်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒါဟာ တရုတ်-အမေရိကန် ထိပ်သီးဆွေးနွေးပွဲ ကျင်းပပြီးနောက်ပိုင်း လက်တွေ့အကျဆုံး ရလဒ်တခု ထွက်ပေါ်လာခဲ့တာပါ။

ဒီသဘောတူညီချက်အရ ၂၀၂၈ ခုနှစ်အထိ အမေရိကန်ရဲ့ စိုက်ပျိုးရေးထုတ်ကုန်တွေကို အနည်းဆုံး ဒေါ်လာ ၁၇ ဘီလီယံဖိုးလောက် တရုတ်ဘက်က နှစ်စဉ်ဝယ်ယူသွားဖို့ ရှိနေပါတယ်။

ဒါဟာ “၂၀၂၅ အောက်တိုဘာလမှာ ရရှိခဲ့တဲ့ ပဲပုပ်ဝယ်ယူရေး ကတိပြုချက်တွေကို ထပ်တိုးချဲ့လိုက်တာ”လို့ အိမ်ဖြူတော်ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နဲ့ တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်တို့ရဲ့ ၂ ရက်ကြာ တွေ့ဆုံ ဆွေးနွေးမှုကို ပေကျင်းမြို့တော်မှာ မေ ၁၅ ရက်က အဆုံးသတ်ခဲ့တာပါ။

လာမဲ့ စက်တင်ဘာလအတွင်း အမေရိကန်နိုင်ငံမှာ ဒီခေါင်းဆောင် ၂ ယောက်ကြား ထပ်တွေ့ဖို့အတွက်ပါ သဘောတူထားပါတယ်။

အဲဒီမတိုင်ခင် တောင်ကိုရီးယားနိုင်ငံမှာ ထရမ့်ပ်နဲ့ ရှီတို့ တွေ့ဆုံခဲ့စဉ်ကလည်း တရုတ်နိုင်ငံဟာ အမေရိကန်ပဲပုပ် မက်ထရစ်တန်ချိန်ပေါင်း ၂၅ သန်းထက်မနည်းကို ၃ နှစ်ဆက်တိုက် ဝယ်ယူဖို့အတွက် သဘောတူထားပါတယ်။

အခုတခေါက် နှစ်ဖက်ကြေညာချက်အရ တရုတ်နိုင်ငံမှာ အမေရိကန်အမဲသား အပါအဝင် ကြက်နဲ့ ဘဲကို မွေးမြူပြီး ပြန်ရောင်းချခွင့်ပြုလိုက်ပြီ ဖြစ်ပေမဲ့လည်း ပမာဏ အတိအကျကတော့ ဖော်ပြထားတာမျိုး မတွေ့ရသေးပါဘူး။

အဲဒီ ၂ နိုင်ငံကြား ဆွေးနွေးညှိနှိုင်း​မှုတွေ လွယ်ကူချောမွေ့အောင် ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဘုတ်အဖွဲ့ ထူထောင်သွားဖို့ ရှိသလို စိုက်ပျိုးရေးဆိုင်ရာ ကုန်သွယ်မှု မြှင့်တင်မယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် အမေရိကန်ရဲ့ မြေရှားသတ္တု မလုံလောက်တဲ့ ပြဿနာကို ပေကျင်းက ဖြေရှင်းပေးမှာ ဖြစ်ကြောင်း အိမ်ဖြူတော်အနေနဲ့ အတည်ပြုပေမဲ့လည်း တရုတ်နိုင်ငံရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ ပါဝင်လာခြင်း မရှိပါဘူး။

အခုလိုမျိုး ဖုန်းတွေ၊ ကားတွေနဲ့ လက်နက်ထုတ်လုပ်တဲ့ နေရာမှာပါ မရှိမဖြစ် အရေးကြီးတဲ့ ရှားပါးသတ္တုထောက်ပံ့ရေး ကွင်းဆက်ကို ပေကျင်းအစိုးရက ထိန်းချုပ်ထားပါတယ်။

တချိန်တည်းမှာ တရုတ်နိုင်ငံဟာ သူတို့ကိုယ်ပိုင် ခရီးသည်တင်လေယာဉ်တွေကို ထုတ်လုပ်နိုင်နေပြီ ဖြစ်ပေမဲ့လည်း ပြည်ပက အစိတ်အပိုင်းတွေအပေါ် မှီခိုနေရတဲ့အလျောက် ဘိုအင်းလေယာဉ် အစင်း ၂၀၀ အထိ ဝယ်ယူသွားမဲ့အကြောင်း ထပ်လောင်း အတည်ပြုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013