DVB Logo
Home
မြန်မာသတင်း
တပ်မတော်စစ်ကြောင်းဝင်လာသဖြင့် မင်းပြားမြို့နယ် ပြင်ယောင်ကျေးရွာသားများ ထွက်ပြေး
DVB
·
June 27, 2019
တပ်မတော်စစ်ကြောင်းဝင်လာသဖြင့် မင်းပြားမြို့နယ် ပြင်ယောင်ကျေးရွာသားများ ထွက်ပြေး
Donate to DVB

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ပြင်ယောင်ကျေးရွာအနားမှာ တပ်မတော်စစ်ကြောင်း ဝင်လာတာကြောင့် ဒေသခံတွေ ကြောက်လန့်ပြီး ထွက်ပြေးခဲ့ကြတယ်လို့ သိရပါတယ်။

မင်းပြားမြို့နယ်၊ ပြင်ယောင်းကျေးရွာက လူငယ်တွေအပါအဝင် အမျိုးသား၊ အမျိုးသမီးတချို့ဟာ တခြားရွာတွေကို တိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အမည်မဖော်လိုသူရွာသားတဦးက “ကလေးတွေကတော့ ပျောက်နေကြတယ်။ ပျောက်တယ်ဆိုတာက ဟိုပြေးဒီပြေးပြေးနေကြတာ။ စစ်ကြောင်းက ရွာနားကို ရောက်လို့ ရှိတယ်လေ။ ရွာသားတွေက ရွာမှာမနေရဲ၊ ကြောက်ပြီး သင်္ချိုင်းကို ထွက်ပြေးနေကြတယ်။ ရွာကြားကိုဝင်ပြီးတော့ အနောက်ဘက်ကိုထွက်တယ်။ စစ်သားကို မြင်တာနဲ့ထွက်ပြေးတယ်။ ထွက်ပြေးတော့ အဲ့ဒီမှာ လက်နက်ကြီးနဲ့ လက်နက်ငယ်တွေနဲ့ လှမ်းပစ်တာ” လို့ ပြောပါတယ်။

ထွက်ပြေးနေကြသူတွေထဲမှာတော့ လူငယ်တွေအပါအဝင် အမျိုးသား၊ အမျိုးသမီး ၅၀ လောက်ပါဝင်ပြီး ရွာကိုပြန်မရောက်ကြသေးဘူးလို့ ဆိုပါတယ်။

ပြင်းယောင်ကျေးရွာ တာဝန်ရှိသူတဦးက “မနေ့ကလည်း လိုက်လို့ရှာကြတယ်။ အခုလည်း ရှာနေကြတယ်။ ပထမကတော့ လက်နက်ငယ်နဲ့ ပစ်တယ်ခင်ဗျ။ နောက်ပြီးတော့ လက်နက်ကြီးနဲ့ တချက်ပစ်တယ်။ အခုကတော့ စစ်သားတွေက မရှိတော့ဘူး။ ရွာနောက်ဘက်က အိုးပျဉ်းတောင်ကို ထွက်သွားပြီ”လို့ ပြောပါတယ်။ အဲဒီဖြစ်စဉ်အတွင်း ဒဏ်ရာရသူ မရှိဘူးလို့ ဆိုပါတယ်။

မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က “ကျနော်ကတော့ အုပ်ချုပ်ရေးမှူးကို ရွာကို တအိမ်ဝင်တအိမ်ထွက်စစ်ပြီးတော့ ဘယ်အိမ်က ဘယ်သူပျောက်တယ် လိုက်ပြီးတော့စုံစမ်း။ စုံစမ်းပြီးမှ ဆက်လို့ရနိုင်ရင်ဆက်သွယ်။ ဆက်သွယ်လို့ မရရင် ဘယ်သူတွေကို ဆက်သွယ်လို့ မရဘူးလဲဆိုတာကို ပြန်ပြီးတော့ စာရင်းပြုစုခိုင်းထားတယ်”လို့ ပြောပါတယ်။

ဒါ့အပြင် အဲဒီရွာတွေကို သွားရောက်စုံစမ်းဖို့ ပြင်ဆင်နေကြောင်းလည်း လွှတ်တော်ကိုယ်စားလှယ်က ဆိုပါတယ်။

ပြင်ယောင်းကျေးရွာမှာ အိမ်ခြေ ၂၀၀ ကျော်လောက်ရှိပြီး ပြီးခဲ့တဲ့ရက်ပိုင်းက ရက္ခိုင့်တပ်မတော် (အေအေ) နဲ့ တပ်မတော်တို့ တိုက်ပွဲတွေပြင်းထန်ခဲ့တဲ့ သာစည်ရွာနဲ့ တအုပ်စုတည်းမှာ ရှိနေတာပါ။

မနေ့က ဖြစ်စဉ်အတွင်း တပ်မတော်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေလည်း ရှိတယ်လို့ ဒေသခံတွေက ပြောကြားခဲ့တဲ့အပေါ် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးကို မေးမြန်းရာမှာတော့ တပ်မတော်စစ်ကြောင်းတွေဟာ နေရာအနှံ့မှာ နယ်မြေရှင်းလင်းရေးတွေ လုပ်ဆောင်တယ်ဆိုပေမယ့် ဒီလိုဖြစ်ခဲ့တယ်ဆိုတာ မသိဘူးလို့ ပြောပါတယ်။

“အဲ့ဒီဖြစ်စဉ်ကို ကျနော်တို့ မသိရသေးဘူးခင်ဗျ။ ကျနော်စုံစမ်းလိုက်ပါဦးမယ်။ စစ်ကြောင်းတွေကတော့ နယ်မြေရှင်းတာကတော့ ရှိပါတယ်။ ဒါပေမယ့် ရွာနဲ့ နီးတဲ့နေရာမှာတော့ ကျနော်တို့ မရှိဘူးခင်ဗျ၊ ကျနော်​တို့ တပ်ဖွဲ့တွေကတော့ တိုက်ပွဲဖြစ်တဲ့ရွာနဲ့ ဝေးတဲ့နေရာမှာပဲ ရှိတာ၊ အဲ့ဒီကိစ္စ ကျနော်ဂဃနဏ မပြောနိုင်ဘူး” လို့ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013