
အမေရိကန်-တရုတ် ဆက်ဆံရေးက ကမ္ဘာလုံးဆိုင်ရာ တည်ငြိမ်မှုကို ဖြစ်စေတယ်လို့ ဂျပန်အစိုးရ ပြောရေးဆိုခွင့်ရှိသူ ကီဟာရာက ပြောပါတယ်။
အမေရိကန်-တရုတ် ဆက်ဆံရေးကို ဂျပန်နိုင်ငံက အလေးပေး စောင့်ကြည့်နေပြီး သူတို့ရဲ့ ဆက်ဆံရေးက နိုင်ငံတကာအသိုက်အဝန်းအတွက် တည်ငြိမ်မှုကို ဖြစ်စေတယ်လို့ သတင်းထောက် တွေကို ပြောခဲ့တာပါ။
ဂျပန်ဝန်ကြီးအဖွဲ့ အကြီးအကဲ ကီဟာရာက “အမေရိကန်နဲ့ တရုတ် ဆက်ဆံရေးဟာ ဂျပန်အပါအဝင် တကမ္ဘာလုံးရဲ့ တည်ငြိမ်မှုနဲ့ ဆက်စပ်နေတာကြောင့် ဂျပန်နိုင်ငံက အလေးနက်ထား စောင့်ကြည့် နေပါတယ်။ အမေရိကန်နဲ့ တရုတ်ကြားက သဘောတူညီမှု သတင်းတွေကို ကျနော်တို့ စုစည်းဖို့ ကြံရွယ်ထားပါတယ်” လို့ ပြောပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ ၂ ရက်တာ တရုတ်ခရီးစဉ်မှာ စီးပွားရေးဆိုင်ရာ သဘောတူညီမှုတွေ အသားပေးတဲ့ တွေ့ဆုံမှုအဖြစ် မှတ်ချက်တွေ ထွက်ခဲ့ပါတယ်။
ထရမ့်ပ်ဟာ အမေရိကန်ရဲ့ အဓိက မဟာဗျူဟာနဲ့ စီးပွားရေးပြိုင်ဘက်ဖြစ်တဲ့ တရုတ်နိုင်ငံကို အလည်အပတ် ရောက်နေတာဖြစ်ပြီး သက်တမ်းဝက် ရွေးကောက်ပွဲမတိုင်မီ တိုးတက်မှုရလဒ်တွေ လက်ဆုပ်လက်ကိုင်ပြဖို့ ရှာဖွေနေတာလို့လည်း ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။
ထရမ့်ပ်နဲ့ ရှီကျင့်ဖျင်တို့ရဲ့ တွေ့ဆုံမှုဟာ ပြီးခဲ့တဲ့ အောက်တိုဘာလက ၂ နိုင်ငံ ကုန်သွယ်မှုကို မထိခိုက်စေဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။
ထရမ့်ပ်ဟာ တရုတ်ထုတ်ကုန်တွေကို အခွန် ၃ ဆအထိ တိုးမြှင့်ခဲ့ပြီး ရှီကလည်း မြေရှားသတ္တု တင်ပို့မှုကို ထိန်းချုပ်ခဲ့တာကြောင့် ၂ နိုင်ငံ ကုန်သွယ်ရေး တင်းမာခဲ့ပါတယ်။
Source: Reuters










