
ကမ္ဘာလုံးဆိုင်ရာ ပဋိပက္ခတွေ ဖြစ်ပွားနေတာကြောင့် ပြင်သစ်နဲ့ တောင်ကိုရီးယားတို့က ကာကွယ်ရေးဆိုင်ရာ ပိုပြီး နက်နက်ရှိုင်းရှိုင်း ပူးပေါင်းဆောင်ရွက်ဖို့ စီစဉ်ထားပါတယ်။
ကာကွယ်ရေးပူးပေါင်းမှု၊ စီးပွားရေးနဲ့ စွမ်းအင်ဆိုင်ရာ အကျပ်အတည်းတွေအတွက် ပူးပေါင်းမှုတွေ တိုးမြှင့်ဖို့ စီစဉ်ထားတယ်လို့ တောင်ကိုရီးယားသမ္မတ အီဂျယ်မြောင်နဲ့ ပြင်သစ်သမ္မတ မက်ခွန်းတို့ ဧပြီ ၃ ရက်မှာ ပြောဆိုခဲ့တာပါ။
ခေါင်းဆောင် ၂ ယောက်ဟာ ဟော်မုဇ်ရေလက်ကြားက ဆီတင်သင်္ဘောတွေ အန္တရာယ်ကင်းစွာ ဖြတ်သန်းနိုင်ရေး ပူးပေါင်းမှု အပါအဝင် စွမ်းအင်လုံခြုံရေးဆိုင်ရာ အားကောင်းအောင်လုပ်ဖို့ ကတိပြုခဲ့ကြပါတယ်။
တောင်ကိုရီးယားနဲ့ ပြင်သစ် ၂ နိုင်ငံစလုံးက လက်နက်ထုတ်လုပ်သူတွေ ဖြစ်နေတာကြောင့် သူတို့ရဲ့ ကာကွယ်ရေး ပူးပေါင်းမှုတွေကို တိုးမြှင့်မယ်လို့ ထိပ်သီးအစည်းအဝေးမှာ ပြောပါတယ်။
တောင်ကိုရီးယားနဲ့ ပြင်သစ်တို့ဟာ သတ္တုတွေ၊ ဆီမီးကွန်ဒက်တာတွေ၊ ကွမ်တမ်နည်းပညာတွေ၊ နျူကလီးယားစွမ်းအင်နဲ့ လေအားလျှပ်စစ် စတဲ့ ကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ ကြိုတင်သဘောတူညီချက်တွေ ရထားတယ်လို့ တောင်ကိုရီးယားသမ္မတရုံးက ပြောထားပါတယ်။
မက်ခွန်းဟာ ဂျပန်ကို အလည်အပတ်သွားပြီးနောက် ကြာသပတေးနေ့က တောင်ကိုရီးယားနိုင်ငံကို ရောက်ရှိခဲ့တာပါ။
၂ ရက်ကြာ အလည်အပတ်ခရီးစဉ်ဟာ ၂၀၁၅ နောက်ပိုင်း တောင်ကိုရီးယားနိုင်ငံကို ပထမဆုံး နိုင်ငံတော်ခရီးစဉ်လည်း ဖြစ်ပါတယ်။
ဒီခရီးစဉ်ဟာ နိုင်ငံတကာနဲ့ ဒေသတွင်း တင်းမာမှုတွေ မြင့်တက်နေချိန်မှာ ပြင်သစ်နိုင်ငံရဲ့ မဟာဗျူဟာနဲ့ စီးပွားရေး အားကောင်းစေဖို့ ရည်ရွယ်တယ်လို့ ပြင်သစ်သမ္မတရုံးက ထုတ်ပြန်ထားပါတယ်။
မက်ခွန်းဟာ တောင်ကိုရီးယားခရီးစဉ်မှာ ဆမ်ဆောင်း၊ နာဗာ၊ ဟွန်ဒိုင်း စတဲ့ လုပ်ငန်းအကြီးအကဲတွေနဲ့ တွေ့မှာဖြစ်ပြီး တောင်ကိုရီးယားကို ပစ္စည်းတင်ပို့မှု မြှင့်တင်ရေးလည်း ပါဝင်သလို ပြင်သစ်စက်ရုံတွေနဲ့ နည်းပညာကဏ္ဍတွေမှာ တောင်ကိုရီးယားရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ရဖို့လည်း ရည်ရွယ်ပါတယ်။
Source: Reuters











