
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ဒေသမှာ စက်တင်ဘာ ၂၄ ရက်ကစပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နေရာအနှံ့အပြားမှာ ရေကြီးရေလျှံမှုတွေနဲ့ တောင်ပြိုမှုတွေဖြစ်ပွားပြီး ကျေးရွာပေါင်း ၄၀ နီးပါး ရေဘေးသင့်ကာ လူ ၅ ယောက် ထက်မနည်း သေဆုံးခဲ့ကြောင်း ထားဝယ်အမျိုးသားအဖွဲ့ချုပ် (TNC) က စက်တင်ဘာ ၂၇ ရက်က ထုတ်ပြန်ပါတယ်။
လက်ရှိအချိန်အထိ ရရှိထားတဲ့ အချက်အလက်တွေအရ ထားဝယ်ဒေသက ကျေးရွာ ၄၀ နီးပါးမှာ ရေကြီးမြေပြိုမှုတွေ ဖြစ်ပွားကာ နေအိမ် ၂၀ ထက်မနည်း ပြိုကျပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိမှာ ဆက်သွယ်ရေးလိုင်းတွေ ပြတ်တောက်နေပြီး မြေပြင်အခြေအနေအပြည့်အစုံကို မသိရှိ နိုင်သေးတာကြောင့် အမှန်တကယ် ထိခိုက်ပျက်စီး ဆုံးရှုံးမှုတွေဟာ အခုထပ်ပိုများနိုင်တယ်လို့လည်း ဆိုပါတယ်။
ဇမ္ဗူသီရိ အရေးပေါ် လူနာကူညီသယ်ဆောင်ရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ အောက်ရေဖြူ ယာယီစခန်းမှာ လူဦးရေ ၄၀၀ ထက်မနည်း ရောက်ရှိနေကာ သေဆုံးသူ ၃ ယောက်နဲ့ ဒဏ်ရာရရှိသူ ၁၀ ယောက်ကျော် ရှိနေပြီး ပိတ်မိနေသူများစွာ ရှိနေသေးတယ်လို့ ဆိုပါတယ်။
ကူညီရေးလမ်းကြောင်းတွေ ပိတ်ဆို့နေလို့ ဘက်ဟိုးတွေနဲ့ ရှင်းလင်းရန် ပြင်ဆင်နေရပြီး ကူညီရေးအဖွဲ့တွေအနေနဲ့လည်း မြေတင်ကား ဒါမှမဟုတ် Vigo ကားတွေကလွဲလို့ ဆင်းမလာကြဖို့ လူမှုကူညီရေး အသင်းတွေက သတိပေးထားပါတယ်။










