
ပီရူးနိုင်ငံ၊ အီကာဒေသမှာ မေ ၁၉ ရက်က ပြင်းအားပမာဏ ၅ ဒသမ ၉ အဆင့်ရှိ ငလျင် လှုပ်ခတ်သွားခဲ့တာကြောင့် ဒေသတွင်း သုသာန်တခု ပျက်စီးသွားပြီး အုတ်ဂူနံရံတွေ ပြိုကျကာ လူသေထည့်ထားတဲ့ အခေါင်းတွေ ပေါ်ထွက်လာခဲ့ပါတယ်။
ငလျင်ကြောင့် ဆာရာဂျာသုသာန်မှာ သိသိသာသာ ပျက်စီးသွားခဲ့ပြီး ဆန်ဘန်နီတို အကွက်ထဲက အုတ်ဂူ အခု ၂၀ နီးပါးလောက် ပြိုကျပျက်စီးသွားတာကြောင့် အပျက်အစီးတွေကြားထဲမှာ ခေါင်းတလားတွေပါ ပေါ်ထွက်နေပါတယ်။
သုသာန်စောင့်တယောက်က ပျက်စီးသွားတာတွေကို ကြည့်ပြီး “အခုလောလောဆယ် ကျနော်တို့ မြင်နေရတာက ဆန်ဘီနီတို အကွက်ထဲကပါ။ အုတ်ဂူ အခု ၂၀ လောက် ပြိုကျသွားပြီး အရှေ့ဘက်ခြမ်းမှာလည်း ပြိုကျသွားတာ ရှိပါတယ်” လို့ ပြောပါတယ်။
ကာကွယ်ရေးဝန်ကြီး အာမာဒီယို ဟာဗီယာ ဖလောရက်စ် ကတော့ ကူညီကယ်ဆယ်ရေးတွေကို ညှိနှိုင်းဖို့နဲ့ ပျက်စီးဆုံးရှုံးမှုတွေကို စစ်ဆေးဖို့ ငလျင်ဒဏ်သင့်ဒေသဆီ သွားရောက်အားပေးခဲ့ပါတယ်။
ငလျင်ဒဏ်သင့် ပြည်သူတွေရဲ့ ကျန်းမာရေးအခြေအနေကို စိတ်ဝင်တစားသိချင်ကြောင်း ပြောကြားခဲ့ပြီး မိဘပြည်သူတွေရဲ့ အသက်အိုးအိမ်အတွက် စိုးရိမ်ပူပန်တယ်လို့ ပြောပါတယ်။
ကံကောင်းထောက်မစွာနဲ့ပဲ ငလျင်ကြောင့် သေဆုံးသူမရှိဘူးဆိုတာ အတည်ပြုနိုင်ခဲ့ပါတယ်။
ပြည်သူတွေ အချိန်မီ ဆေးကုသမှု ခံယူခွင့်ရဖို့၊ နေကောင်းကျန်းမာကြဖို့နဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးသွားတဲ့သူတွေလည်း မြန်ဆန်တဲ့ ကူညီပံ့ပိုးမှုတွေ အချိန်မီ ရရှိနိုင်စေဖို့ ဆောင်ရွက်နေပါတယ်လို့ ပြောကြားခဲ့ပါတယ်။
အင်္ဂါနေ့က လှုပ်ခတ်ခဲ့တဲ့ ငလျင်ဒဏ်ကို လီမာမြို့နဲ့ အနီးတဝိုက် ဒေသတွေမှာပါ ခံစားခဲ့ရတာကြောင့် ပြည်သူတွေ ကြောက်လန့်တကြား ဖြစ်ခဲ့ကြပါတယ်။
Source: Reuters










