
ပါကစ္စတန် ထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားဒေသတလျှောက်က မြို့ကြီးပြကြီးတွေနဲ့ မြို့ငယ်လေးတွေဟာ ဇွန် ၉ ရက်မှာ လူတွေလှုပ်ရှားသွားလာမှုတွေ လုံးဝရပ်တန့်သွားခဲ့ပါတယ်။
ဒါဟာ မကြာသေးခင်က ပိတ်ပင်ခံလိုက်ရတဲ့ လူထုအခြေပြု အဖွဲ့အစည်းတွေရဲ့ မဟာမိတ်အဖွဲ့ (JAAC) က နှိုးဆော်ထားတဲ့ အထွေထွေသပိတ် မတိုင်ခင်မှာပဲ အခုလို ဖြစ်သွားတာပါ။
လူဦးရေ ၅ သိန်းခွဲရှိတဲ့ အဇတ်ကက်ရှ်မီးယားရဲ့ အကြီးဆုံးမြို့တော် မူဇက်ဖာရာဘတ် အပါအဝင် တခြားနေရာတွေက လမ်းမတွေပေါ်မှာ လူသူကင်းမဲ့နေပြီး တနေ့တာလုံးနီးပါး ရဲကားတွေပဲ ရှိနေခဲ့ပါတယ်။
ဆိုင်တွေ၊ ဈေးတွေ၊ လမ်းကြားတွေနဲ့ လမ်းမကြီးတွေ အကုန်လုံး လုံးဝ ပိတ်ထားတာကြောင့် လူသူကင်းမဲ့နေရတယ်လို့ ဒေသခံ ဇာဟစ် အာမင်က ပြောပါတယ်။
ဇွန်လ ၇ ရက်ညပိုင်းက ရာဝါလာကော့မြို့မှာ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ဆန္ဒပြသူတွေကြား ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့လို့ အနည်းဆုံး ၁၁ ယောက် သေဆုံးခဲ့ပြီးနောက်မှာ အာဏာပိုင်တွေက အကြီးအကျယ် နှိမ်နင်းခဲ့ပါတယ်။
ရိုက်တာသတင်းဌာနက မြင်တွေ့ခဲ့ရတဲ့ အကြောင်းကြားစာအရ ဒေသတွင်းအစိုးရဟာ လူထုအခြေပြု အဖွဲ့အစည်းများမဟာမိတ် (JAAC) ရဲ့ ခေါင်းဆောင် ၄ ယောက်ကို နိုင်ငံတော်ပုန်ကန်မှုနဲ့ အမှုဖွင့်ပြီး ရူပီး ၁၀ သန်း ဆုငွေထုတ်ခဲ့ပါတယ်။
အခုသပိတ်ဟာ လာမဲ့ ဇူလိုင် ၂၇ ရက် ကျင်းပမဲ့ ကက်ရှ်မီးယား လွှတ်တော်ရွေးကောက်ပွဲမှာ သီးသန့်ဖယ်ပေးထားတဲ့ အမတ်နေရာ ၁၂ နေရာအတွက် ယှဉ်ပြိုင်မဲ့ ကိုယ်စားလှယ်လောင်းတွေဟာ ကက်ရှ်မီးယားမှာ နေထိုင်သူတွေ မဟုတ်ဘဲ ပါကစ္စတန်နိုင်ငံရဲ့ တခြားနေရာတွေမှာ နေထိုင်ကြသူတွေ ဖြစ်နေတာကို JAAC အဖွဲ့က ဆန့်ကျင်ရာကနေ စတင်ခဲ့တာပါ။
ဒေသခံ ဇာဟစ် အာမင်က "ဒါဟာ ဥပဒေဘောင်ထဲက ငြိမ်းချမ်းတဲ့ ဆန္ဒပြပွဲပါ။ ကျနော်တို့ကို အကြမ်းဖက်သမားလို့ စွပ်စွဲပြီး အင်အားသုံးနှိမ်နင်းတဲ့ အစိုးရသာလျှင် အကြမ်းဖက်သမားဖြစ်ပြီး အခုတော့ အစိုးရ လုံးဝရှုံးနိမ့်သွားပါပြီ" လို့ ပြောပါတယ်။
နောက်ထပ်ဒေသခံ မိုဟာမက်အာဇစ်ကလည်း "ကျနော်တို့က ပါကစ္စတန်နဲ့ စစ်တပ်ကို ဆန့်ကျင်နေတာမဟုတ်ဘဲ အနှစ် ၇၀ လုံးလုံး အဖိနှိပ်ခံခဲ့ရတဲ့ ကိုယ်ပိုင်အခွင့်အရေးကိုပဲ တောင်းဆိုနေတာမလို့ တွေ့ဆုံဆွေးနွေးပေးဖို့ လိုပါတယ်" လို့ တောင်းဆိုထားပါတယ်။
ဒီအခြေအနေနဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ တောင်းဆိုချက်ကို ပါကစ္စတန် ပြည်ထဲရေးဝန်ကြီးဌာနနဲ့ ကက်ရှ်မီးယား အစိုးရအာဏာပိုင်တွေဘက်က ပြန်လည်ဖြေကြားခြင်း မရှိပါဘူး။
ဟိမဝန္တာ ကက်ရှ်မီးယားဒေသဟာ ၁၉၄၇ ခုနှစ် ဗြိတိန်ဆီက လွတ်လပ်ရေးရကတည်းက ပါကစ္စတန်နဲ့ အိန္ဒိယအကြား အငြင်းပွားနေတဲ့ နယ်မြေဖြစ်ပြီး ပြီးခဲ့တဲ့ ၂ နှစ်အတွင်းမှာလည်း ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် JAAC ဦးဆောင်တဲ့ ဆန္ဒပြပွဲတွေမှာ လူသေဆုံးမှုတွေ ရှိခဲ့ဖူးပါတယ်။
Source: Reuters











