DVB Logo
Home
မြန်မာသတင်း
မိုးရေစက်များသီချင်းဖြင့် အစွမ်းပြပြီး နောက်တဆင့်တက်ခဲ့သည့် The Voice Myanmar ပြိုင်ပွဲဝင် Hazel (ရုပ်သံ)
DVB
·
May 21, 2019
မိုးရေစက်များသီချင်းဖြင့် အစွမ်းပြပြီး နောက်တဆင့်တက်ခဲ့သည့် The Voice Myanmar  ပြိုင်ပွဲဝင် Hazel (ရုပ်သံ)
Donate to DVB


“ညိုမှောင်နေ ရာသီနဲ့ရွာနေတယ် ဒီမိုးစက်တွေ… အလွမ်းစိတ်ဖွဲ့ ငါ့ရဲ့ရင်ထဲ… အိမ်ပြင်မှာရွာနေတဲ့ ဒီမိုးစက်တွေ ပြန်မြင်ယောင် တို့ရဲ့အတိတ်ဟောင်း… တို့နှစ်ဦး လျှောက်ခဲ့တယ် ဒီလမ်းမထက်မှာ… မိုးဖွဲလေးများရွာ… ငါတို့ဂရုမစိုက် ဆက်လျှောက်ဆဲ... တို့နှစ်ဦးတွဲထားတဲ့ ခိုင်မြဲတွဲလက်တွေ… အခုထိအမှတ်ရဆဲ”

ဒါကတော့ နာမည်ကြီးအဆိုတော် ဖြူဖြူကျော်သိန်းရဲ့ သီချင်းတပုဒ်ဖြစ်တဲ့ မိုးရေစက်များ အမည်ရတဲ့ သီချင်းတပုဒ်ဖြစ်ပြီး ဒီတခါမှာတော့ The Voice Myanmar ရဲ့ ပြိုင်ပွဲ စင်မြင့်ပေါ်မှာ ထူးခြားတဲ့ အသံပိုင်ရှင် ပြိုင်ပွဲဝင်တဦးရဲ့ ယှဉ်ပြိုင်မှုနဲ့ တကျော့ပြန် ခံစားနားဆင်ခဲ့ကြရတာပါ။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ The Voice Myanmar ရဲ့ Knock Out Round မှာ ပြိုင်ပွဲဝင် Hazel က ဒီသီချင်းနဲ့ ပါဝင်ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။

အခုနှစ်မှာ ဒုတိယအကြိမ်အဖြစ် ကျင်းပတဲ့ The Voice Myanmar သီချင်းဆို ပြိုင်ပွဲမှာတော့ တခြား ထင်ရှားတဲ့ သီချင်းဆိုပြိုင်ပွဲတွေဖြစ်တဲ့ The Best Of Melody World၊ အိပ်မက်ဆုံရာ စတဲ့ပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ပြီး အတွေ့အကြုံရှိ၊ ဆုတွေရရှိထားခဲ့တဲ့ ပြိုင်ပွဲဝင်တွေ အများစု ပါဝင်နေပြီး အကြိတ်အနယ် ရှိတာကို တွေ့ရပါတယ်။

Hazel ကတော့ အိပ်မက်ဆုံရာ ရာသက်ပန် Season 2 မှာ First Runner Up ဆုကို ဆွတ်ခူးရရှိခဲ့သူ ဖြစ်ပါတယ်။

“အဆင်ပြေစွာ ငါတို့နှစ်ဦး အတူတည်ဆောက်မယ့် အချစ်ကမ္ဘာ… အခုတော့ အားလုံး ပျောက်ကွယ်ပြီ… မညှာမတာ အကြင်နာမရှိ… ဒီကံကြမ္မာရိုင်းကြီး… တို့နှစ်ယောက်အချစ်ကို သူခွဲ”

ပြိုင်ပွဲဝင် Hazel ဟာ Blind Audition မှာ အဆိုတော် ချောစုခင်ရဲ့ သီချင်းတပုဒ်ဖြစ်တဲ့ ကိုယ့်အတွက်အိပ်မက် မင်းမက်လား သီချင်းနဲ့ အစွမ်းပြပြီး ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး Coach ၄ ယောက်စလုံးက ပြိုင်တူ လှည့်ကြည့်ခဲ့ကြတာ ဖြစ်ပါတယ်။ သူက Coach ကို ရွေးချယ်ချိန်မှာတော့ Coach တဦးဖြစ်တဲ့ နီနီခင်ဇော်ရဲ့ အဖွဲ့ထဲကို ရောက်ရှိခဲ့တာပါ။

နောက်တဆင့်ဖြစ်တဲ့ Battle Round မှာတော့ သူက ပြိုင်ဘက် Melody Khong နဲ့ သီချင်းတပုဒ်ကို အပြိုင်ကြဲသီဆိုပြီး ယှဉ်ပြိုင်ခဲ့ရတာ ဖြစ်ပါတယ်။ အဲဒီအဆင့်မှာတော့ သူတို့ ၂ ယောက်ဟာ အဆိုတော် တင်ဇာမော်ရဲ့ သိပ်ချစ်ရင်ခါးမယ် သီချင်းနဲ့ သီဆိုဖျော်ဖြေခဲ့ကြတာဖြစ်ပြီး နီနီခင်ဇော်ရဲ့ ဆက်လက်ရွေးချယ်မှုနဲ့  နောက်တဆင့် တက်ရောက်နိုင်ခဲ့တာပါ။ Melody Khong ကတော့ Coach ရန်ရန်ချန်းရဲ့ Steal လုပ်မှုနဲ့ နောက်တဖွဲ့ထဲကို ရောက်ရှိသွားခဲ့ပါတယ်။

Knock Out Round မှာတော့ Coach နီနီခင်ဇော်ရဲ့ အဖွဲ့ထဲက ပြိုင်ပွဲဝင် ၄ ယောက်ဖြစ်ကြတဲ့ Nicholas Pasangma၊ Hazel၊ Grace Mami နဲ့ Tar Tar တို့က သီချင်းတပုဒ်စီနဲ့ ယှဉ်ပြိုင်ခဲ့ကြပါတယ်။

“နင်ထားသွားတဲ့ငါ နင်မရှိတော့တဲ့ကမ္ဘာ… နင်မရှိတော့တဲ့အရပ်မှာ… ငါ့မှာ လုံးဝ အဆင်မပြေဘူး… ကြေကွဲဝမ်းနည်းစွာ ငိုကြွေးတမ်းတနေ… မင်းတယောက်မကြားနိုင်ပါ… မင်းတယောက်မကြားနိုင်ပါ”

Knock Out Round မှာ Hazel ရဲ့ သီဆိုဖျော်ဖြေဟန်ဟာ အားမာန်အပြည့်နဲ့ သီချင်းရသကို ပီပီပြင်ပြင် ဖော်ကျူးထားနိုင်ခဲ့တာကို တွေ့ရပြီး Coach တွေကိုရော ပရိသတ်တွေကိုပါ ဖမ်းစားထားနိုင်ခဲ့တာ ဖြစ်ပါတယ်။

နောက်ဆုံးမှာတော့ Coach ဖြစ်တဲ့ နီနီခင်ဇော်ရဲ့ ရွေးချယ် အဆုံးအဖြတ်ပေးရမယ့်အချိန် ရောက်ရှိလာခဲ့ပြီး သူက ၄ ယောက်ထဲက Nicholas Pasangma နဲ့ Hazel တို့ကို နောက်တဆင့်အတွက် ရွေးချယ်ခဲ့တာပါ။

Knock Out Round ကတော့ The Voice Myanmar သီချင်းဆိုပြိုင်ပွဲမှာ အခုနှစ်မှ ထည့်သွင်းထားတဲ့ အဆင့်တဆင့်ဖြစ်ကာ အုပ်စုတစုထဲက ၄ ယောက် အစွမ်းပြ သီဆိုယှဉ်ပြိုင်ရတာဖြစ်ပြီး ၂ ယောက်ကိုပဲ ရွေးချယ်တာဖြစ်ပြီး နောက် ၂ ယောက်ကတော့ ပြိုင်ပွဲကနေ နုတ်ထွက်ရတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013