
တောင်ကိုရီးယားနိုင်ငံမှာ စစ်အုပ်ချုပ်ရေး ကြေညာဖို့ ကြိုးပမ်းခဲ့တဲ့ သမ္မတဟောင်း ယွန်းဆွတ်ခ်ယိုး ကို ဆိုးလ်ဗဟိုခရိုင်တရားရုံးက ဇွန် ၁၂ ရက်မှာ ထောင်ဒဏ် အနှစ် ၃၀ ချမှတ်လိုက်တယ်လို့ ယွန်ဟက်ပ်သတင်းဌာနက ဖော်ပြပါတယ်။
သမ္မတဟောင်း ယွန်းဆွတ်ခ်ယိုးဟာ ၂၀၂၄ ခုနှစ်က မအောင်မြင်ခဲ့တဲ့ စစ်အုပ်ချုပ်ရေး ကြေညာဖို့ အကြောင်းပြချက် ဖန်တီးတဲ့အနေနဲ့ မြောက်ကိုရီးယားနိုင်ငံ ပြောင်ယမ်းမြို့ပေါ်ကို စစ်ဘက်သုံး ဒရုန်းတွေ လွှတ်တင်ဖို့ အမိန့်ပေးခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ ထောင်ဒဏ်ချမှတ်ခံရတာဖြစ်ပါတယ်။
တရားရုံးက ယွန်းဆွတ်ခ်ယိုးကို အာဏာအလွဲသုံးစားလုပ်မှု၊ ရန်သူကို အားပေးကူညီမှုတွေနဲ့ အပြစ်ရှိ ကြောင်း ဆုံးဖြတ်ခဲ့တာဖြစ်ပြီး သူဟာ ၂၀၂၄ ခုနှစ် အောက်တိုဘာလက ဒရုန်းကျူးကျော်မှုမှာ အစ ကတည်းက ပူးပေါင်းကြံစည်ခဲ့တာလို့ သတင်းဌာနက ဆိုပါတယ်။
ဒါပေမဲ့ ယွန်းဆွတ်ခ်ယိုးကတော့ သူ့မှာ အပြစ်မရှိကြောင်း ငြင်းဆိုထားပါတယ်။ သူ့ရဲ့ ရှေ့နေတွေက လည်း သူဟာ ဒီစစ်ဆင်ရေးကို အမိန့်ပေးခဲ့တာ မရှိသလို နောက်ပိုင်းမှာ သဘောတူ ခွင့်ပြုခဲ့တာ လည်း မရှိဘူးလို့ ပြောပါတယ်။
ဒါ့အပြင် ဒီဒရုန်းကိစ္စဟာ စစ်အုပ်ချုပ်ရေးနဲ့ မသက်ဆိုင်ဘဲ လနဲ့ချီကာ တောင်ကိုရီးယားကို နယ်စပ်ဖြတ်ကျော် လွှတ်တင်ခဲ့တဲ့ မြောက်ကိုရီးယားရဲ့ အမှိုက်တွေထည့်ထားတဲ့ မိုးပျံပူဖောင်းတွေ ကို တုံ့ပြန်တဲ့လုပ်ရပ်သာ ဖြစ်တယ်လို့ သူ့ရှေ့နေတွေက ခုခံချေပခဲ့ပါတယ်။
အစိုးရရှေ့နေတွေကတော့ ပြီးခဲ့တဲ့ ဧပြီလတုန်းက ယွန်းဆွတ်ခ်ယိုးကို ထောင်ဒဏ် အနှစ် ၃၀ ချမှတ် ပေးဖို့ တရားရုံးကို တောင်းဆိုခဲ့တာပါ။
တချိန်က အဆင့်မြင့်ဆုံး အစိုးရရှေ့နေဖြစ်ခဲ့တဲ့ ယွန်းဆွတ်ခ်ယိုးဟာ ပြီးခဲ့တဲ့နှစ်က ရာထူးကနေ ဖယ်ရှား ခံခဲ့ရပြီး စစ်အုပ်ချုပ်ရေး ကြေညာဖို့ ကြိုးပမ်းပြီး ပုန်ကန်မှုကို ဦးဆောင်ခဲ့မှုနဲ့ အပြစ်ရှိ ကြောင်း တွေ့ရှိခဲ့တာကြောင့် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းကလည်း တောင်ကိုရီးယား တရားရုံး တခု က တသက်တကျွန်း ထောင်ဒဏ် ချမှတ်ခံထားရပြီးသား ဖြစ်ပါတယ်။
သူဟာ ပြီးခဲ့တဲ့နှစ်က ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက သူ့ရဲ့ စွပ်စွဲပြစ်တင်မှုကို အတည်ပြုပြီးနောက် ရာထူးကနေ ဖယ်ရှားခံခဲ့ရတာဖြစ်ပြီး အဲဒီနောက် ရုတ်တရက်ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာတော့ လစ်ဘရယ်ပါတီက သမ္မတ အီဂျယ်မြောင်က အနိုင်ရရှိခဲ့တာပါ။
လောလောဆယ် ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ယွန်းဆွတ်ခ်ယိုးဟာ သောကြာနေ့က ချမှတ်လိုက်တဲ့ အောက်တရားရုံးရဲ့ စီရင်ချက်ကို အယူခံဝင်ခွင့် ရှိပါသေးတယ်။
Source: Reuters










