
မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်မှာရှိတဲ့ ဆည်တော်ကြီးရေလှောင်တမံကနေ ရေဖောက်ချနေတာကြောင့် ကျေးရွာအများအပြား ရေနစ်မြုပ်နေတယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။
မိုးသည်းသည်းထန်ထန် ဆက်တိုက်ရွာတာကြောင့် ဆည်တော်ကြီးထဲ ရေအဝင်များပြီး လျှော့ချနေရလို့ သြဂုတ် ၈ ရက် မနက်ပိုင်းကစတင်ပြီး ဆည်တော်ကြီးရေလှောင်တမံအနီး တံငါချောင်းမကြီးအနီးက ကျေးရွာအများအပြား ရေဝင်နစ်မြုပ်နေတယ်လို့ သိရပါတယ်။
ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသူတယောက်က “ရေလှောင်တမံက ရေလွှတ်နေလို့ ရေကြီးတာတွေ ဖြစ်လာတာ။ ရွာတော်တော် ရေဝင်နစ်မြုပ်နေတယ်။ ရေက တအား ထိုးတက်လာတာ။ တချို့အိမ်တွေ ခေါင်ထိတော့မယ် မြုပ်နေတာ” လို့ ပြောပါတယ်။
တံငါတောင်၊ ရေချောင်းဗိုလ်၊ ပုဂံစု၊ ရခိုင်စု၊ အညာကိုင်း၊ အင်းသကား၊ တောင်ကိုင်း စတဲ့ကျေးရွာတွေက နေအိမ်တွေ အများဆုံး ရေဝင်နေမြုပ်နေတယ်လို့သိရပါတယ်။
ရွှေ့ပြောင်းလိုတဲ့ ဒေသခံပြည်သူတွေကို မီးသတ်ဦးစီးဌာန၊ ကြက်ခြေနီတပ်ဖွဲ့ဝင်တွေနဲ့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ဥမင်ကျေးရွာရှိ စာသင်ကျောင်း၊ တိုက်နယ်ဆေးရုံနဲ့ ဘုန်းကြီးကျောင်းတို့ဆီကို အရေးပေါ်ကူညီရွှေ့ပြောင်းပေးထားတယ်လို့ သိရပါတယ်။










