DVB Logo
Home
မြန်မာသတင်း
မိုးနဲမြို့နယ်က ရွာသား ၁၃ ဦးကို လက်နက်ကိုင်အဖွဲ့ ဖမ်းဆီးခေါ်ဆောင်
DVB
·
May 10, 2019
မိုးနဲမြို့နယ်က ရွာသား ၁၃ ဦးကို လက်နက်ကိုင်အဖွဲ့ ဖမ်းဆီးခေါ်ဆောင်
Donate to DVB

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးနဲမြို့နယ်၊ လွယ်လုံးဒေသ၊ ဟိုနားကျေးရွာမှာ နေထိုင်ကြတဲ့ ရွာသား ၁၃ ဦးကို လက်နက်ကိုင်အဖွဲ့တဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

မေ ၈ ရက် ညပိုင်းက နေအိမ်တွေအတွင်း ဝင်ရောက်ကာ ဖမ်းဆီးခေါ်သွားခဲ့တာလို့ ကာယကံရှင် မိသားစုတွေက ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့ရွာဘက်ကို ဓာတ်မီးတွေထိုးပြီး ရောက်လာတယ်။ အိမ်ထဲဝင်ပြီး အမျိုးသားတွေကို ခေါ်သွားခဲ့တယ်။ သားအဖနှစ်ယောက် ပါသွားတာရှိတယ်။ ခြေတဖက်မသန်တဲ့ ရွာသား ခွန်အောင်ပိုက် တယောက်လည်း ဖမ်းခေါ်တဲ့အထဲ ပါသွားတယ်။ လာဖမ်းတဲ့ လက်နက်ကိုင်တွေ အားလုံးကတော့ ရှမ်းစကားကိုပဲ ပြောကြတယ်။ အမြဲလိုပဲ အာစီအက်စ်အက်စ်အဖွဲ့အနေနဲ့ အခွန်လာကောက်ပါတယ်” လို့ မျက်မြင်သက်သေတဦးက ပြောပါတယ်။

အရပ်သားပြည်သူတွေကို လက်နက်ကိုင်အဖွဲ့က အဓမ္မ ဖမ်းဆီးခေါ်ဆောင်တဲ့ ဖြစ်ရပ်ဟာ ဟိုနားကျေးရွာမှာ ပထမဦးဆုံး ဖြစ်ပျက်ခဲ့တာပါ။

ဒီဖြစ်ရပ်ကြောင့် ကျေးရွာမှာနေတဲ့ အမျိုးသားတွေဟာ နီးစပ်ရာ မိုးနဲမြို့နဲ့ နမ့်စမ်မြို့ဘက်က ဆွေမျိုးအိမ်တွေမှာ လာရောက်နေထိုင်နေကြပါတယ်။

“ကျနော်တို့လည်း ထပ်ပြီး ဖမ်းခေါ်ခံရမှာ ကြောက်လို့ နောက်နေ့မနက်မှာပဲ မိသားစုလိုက် မြို့ဘက်ကို ခဏတိမ်းရှောင်လာတာပါ။ အခု အမျိုးအိမ်မှာ တည်းနေပါတယ်။ အရင်က ကျနော်တို့ရွာက ရွာသားတွေကို လက်နက်ကိုင်တွေက အဓမ္မလာခေါ်တာ မရှိပါဘူး။ ကျနော်တို့ရွာရဲ့ အနီးပတ်ဝန်းကျင် ရှမ်းရွာတွေမှာတော့ ရှိခဲ့ပါတယ်” လို့ မိုးနဲမြို့ဘက်ကို တိမ်းရှောင်လာတဲ့ ဟိုနားရွာသားတဦးက ပြောပါတယ်။

ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် (RCSS/SSA) တပ်ဖွဲ့က ဒုတိယဗိုလ်မှူးကြီး စိုင်းဦးကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းရာမှာ "အဲ့ဒီကိစ္စနဲ့ ပတ်သက်ပြီး မကြားရေးသေးဘူး ခင်ဗျ" လို့ ပြောပါတယ်။

ဖမ်းဆီးခေါ်ဆောင်ခံရတဲ့ ရွာသား ၁၃ ဦးဟာ ပအိုဝ်းတိုင်းရင်းသားတွေ ဖြစ်ပါတယ်။  ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ပအိုဝ်းတိုင်းရင်းသား လူမှုအဖွဲ့အစည်းတွေက အဖြစ်မှန်ပေါ်ပေါက်ဖို့ စုံစမ်းနေပါတယ်။

ဟိုနားကျေးရွာအုပ်စု ဝန်းကျင်ဟာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော် (RCSS/SSA) တပ်ဖွဲ့ရဲ့ လှုပ်ရှားနယ်မြေဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013