DVB Logo
Home
မြန်မာသတင်း
မသန်စွမ်းသူများ လာရောက်ဝယ်ယူနိုင်မည့် ဈေးသစ် ဖဒိုမြို့တွင် ဖွင့်လှစ်
DVB
·
April 29, 2019
မသန်စွမ်းသူများ လာရောက်ဝယ်ယူနိုင်မည့် ဈေးသစ် ဖဒိုမြို့တွင် ဖွင့်လှစ်
Donate to DVB

မသန်စွမ်းသူတွေပါ ကိုယ်တိုင် လာရောက်ဝယ်ယူနိုင်မယ့် ဈေးသစ်တခုကို ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ဖဒိုမြို့မှာ စတင် ဖွင့်လှစ်လိုက်ပါတယ်။

ဆိုင်ခန်းပေါင်း ၅၀၀ ကျော်ရှိပြီး ကျပ် သိန်း ၁၃၀၀ ကျော် အကုန်ကျခံ ဆောက်လုပ်ထားတဲ့  ဖဒိုမြို့စည်ပင်သာယာရေးအဖွဲ့ပိုင် ဗိုလ်ချုပ်အောင်ဆန်းဈေးသစ် ဖွင့်ပွဲကို ဧပြီ ၂၈ ရက် မနက်က ပြုလုပ်ခဲ့ပါတယ်။

ဒီဈေးရဲ့ ထူးခြားချက်ကတော့ မသန်စွမ်းသူတွေပါ လာရောက်ဝယ်ယူနိုင်အောင် ဝှီးချဲ လက်တွန်းလှည်း သွားလို့ရအောင် ဆောက်လုပ်ထားသလို အမြင်အာရုံ မကောင်းသူတွေ အတွက် လမ်းဆုံတွေမှာ သင်္ကေတတွေ ပြုလုပ်ပေးထားကာ မသန်စွမ်းသူတွေအတွက် သီးသန့် သန့်စင်ခန်းတွေလည်း ထည့်သွင်း ဆောက်လုပ်ပေးထားတယ်လို့ ဈေးဖြစ်မြောက်ရေးအဖွဲ့ အတွင်းရေးမှူး ဦးအောင်နိုင်ထွန်းက ပြောပါတယ်။

တောင်ငူမြို့က လာရောက်တဲ့ ခန္ဓာကိုယ်အောက်ပိုင်း မသန်စွမ်းသူ မမြတ်မိုးဌေးက “ခုလိုစီစဉ်ပေးထားတော့ အဆင်ပြေတယ်။ ပျော်လည်းပျော်တယ်။ ဝှီးချဲပါ တက်လို့ရတယ် ဆိုတော့လေ။ ကျမတို့မြို့မှာဆို တခါတလေ ကိုယ်တိုင် ဈေးသွားဝယ်တဲ့အခါ လှေခါးထစ်တွေ လုပ်ထားတော့ ဝှီးချဲတက်လို့ မရဘူး။ ခု ဒီမှာကြတော့ ဝှီးချဲပါ တက်လို့ရတော့ အဆင်ပြေပါတယ်။ ပျော်လည်းပျော်ပါတယ်” လို့ ပြောပါတယ်။

အဲဒီဈေးမှာ မျက်မမြင်တွေ သွားလာနိုင်ရေးအတွက်လည်း လမ်းဆုံတွေမှာ သင်္ကေတတွေ ပြုလုပ်ပေးထားတာ ရှိပါတယ်။

ဒါပေမယ့် သင်္ကေတ လုပ်ပေးထားတဲ့ ကျောက်ကလေးတွေက သေးနေတာကြောင့် အမြင်အာရုံ ချို့တဲ့သူတွေ မစမ်းမိဘဲ လမ်းဆုံလား၊ လမ်းအဖြောင့်လား ဆိုတာတွေကို မသိနိုင်တဲ့အတွက် သင်္ကေတတွေကို ကြီးကြီးလေး လုပ်ပေးစေချင်တယ်လို့ အမြင်အားနည်းသူ ကိုမျိုးအောင်က ပြောပါတယ်။

“ဈေးရုံမှာလည်း အသံစနစ်တွေပေါ့။ ဥပမာ သန့်စင်ခန်းက ဘယ်နားမှာရှိတယ်။ သားငါးတန်းက ဘယ်ဈေးရုံမှာ၊ ဟင်းသီးဟင်းရွက်က ဘယ်ဈေးရုံမှာ စတဲ့ အသံစနစ်လေးတွေပါ တတ်ပေးထားမယ် ဆိုရင်တော့ ကျနော်တို့လို မျက်မမြင်တွေအတွက် ပိုပြီးအဆင်ပြေနိုင်မယ်။”

ဈေးရုံသစ်ဖွင့်ပွဲကို ပဲခူးတိုင်းဝန်ကြီးချုပ်နဲ့ တိုင်းအစိုးရအဖွဲ့ ဝန်ကြီးတွေ၊ လွှတ်တော်ဥက္ကဋ္ဌနဲ့  လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဌာနဆိုင်ရာ တာဝန်ရှိသူတွေ၊ ရပ်မိရပ်ဖတွေနဲ့ ဒေသခံပြည်သူတွေ တက်ရောက်ကြပါတယ်။

ဖဒိုမြို့ဟာ အိမ်ထောင်စုပေါင်း ၄၀၀၀ လောက် နေထိုင်နေကြတဲ့မြို့ ဖြစ်ပါတယ်။

အောင်စိုးမိုး

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013