
မြန်မာပြည်တွင်းမှာ စက်သုံးဆီ အသုံးပြုမှုကို လျှော့ချဖို့အတွက် စစ်အာဏာရှင်က အသုံးပြုနေတဲ့ စုံရက်နဲ့ မ ရက် မော်တော်ယာဉ်မောင်းနှင်ခွင့်ပြုတဲ့စနစ်ကို ဖျက်သိမ်းပေးဖို့ ကျောင်းကား မောင်းနှင်သူတွေနဲ့ ကျောင်းသားမိဘတွေက လိုလားနေကြပါတယ်။
မကြာခင် ကျောင်းဖွင့်ရာသီကို ရောက်ရှိလာပြီ ဖြစ်တာကြောင့် နှစ်ရက် တကြိမ်သာ ထွက်ခွင့်ရတဲ့ စုံ၊ မ စနစ်ကို ဖျက်သိမ်းလိုကြောင်း ကျောင်းကား ဖယ်ရီမောင်းနှင်သူတွေနဲ့ ကျောင်းသားမိဘတွေက ပြောပါတယ်။
စက်သုံးဆီ ဝယ်ယူရတဲ့ အခက်အခဲ၊ မြင့်တက်လာတဲ့ စက်သုံးဆီဈေးနှုန်းတွေနဲ့ စုံ၊ မ ရက် ခွဲခြားပြီး မောင်းနှင်ရတာတွေကြောင့် အခက်အခဲတွေရှိနေပြီး ကျောင်းဖယ်ရီကားခတွေလည်း ဈေးတွေ မြင့်တက်လာကြောင်း ပုဂ္ဂလိကကျောင်းတခုရဲ့ ကျောင်းကားမောင်းသူတယောက်က ပြောပါတယ်။
“အဲဒီအတွက်က ကျောင်းကနေ ထောက်ခံစာ လုပ်ပေးပြီးတော့ မြို့နယ်ရဲ့ ထောက်ခံချက် ရသွားရင်တော့ သူ့ရဲ့နောက်မှာ ဘာပြဿနာမှ သိပ်မရှိဘူး။ ဒါပေမဲ့ အခု ဘယ်လိုလဲဆိုတော့ ၃ လ တကြိမ် လုပ်ရတဲ့အခါမှာ ၃ လ တကြိမ်ကို သူတို့ကို ပေးကမ်းပြီးတော့ လုပ်ရတာပေါ့။ စာရွက်စာတမ်းတွေအတွက်ပေါ့။ အဲဒါတွေမရှိရင် ကောင်းတာပေါ့။ လူတွေက အားလုံးက အကုန်လုံးက ဒုက္ခရောက်နေကြတာ၊ အဲဒါမရှိရင် ပိုကောင်းတာပေါ့။ ခုဆို သွားရလာရတာ လူတွေက တအားဒုက္ခရောက်ကြတာ။ အဲဒီ စုံ၊ မ ရှိတော့ ဘာဖြစ်လဲဆိုတော့ တချို့ဆိုလို့ရှိရင် ကိုယ့်ကားကိုယ်ရှိပြီးတော့ တရက်ပဲ စီးရပြီးတော့ နောက်ရက်ကျတော့ ကားငှားစီးနေရတဲ့ ဘဝလေ။ ဘယ်သူမှ အဆင်မပြေကြဘူး။ အဓိကတော့ မရှိလေကောင်းလေပေါ့။ တသိန်းခွဲယူတဲ့ လမ်းကြောင်းက ၂ သိန်းခွဲ ဖြစ်သွားတယ်။ ၁ သိန်း ၁ သောင်းခွဲ၊ ၃ သောင်းယူတဲ့ လမ်းကြောင်းကျ ၈ သောင်းလောက် တက်သွားတာပေါ့၊ ၂ သိန်း ၁ သောင်းလောက် ဖြစ်သွားတာပေါ။ ဒါပေမဲ့ ခရီးပေါ်တော့ မူတည်တာပေါ့။”
လက်ရှိအခြေအနေအရ ကားတွေကို စုံ၊ မ နဲ့ မောင်းနှင်ခွင့်ပြုထားသလို စက်သုံးဆီ ရောင်းချပေးတာကိုလည်း ကန့်သတ်လိုက်တာကြောင့် အခြေအနေတွေကောင်းလာပြီး အရှေ့အလယ်ပိုင်း စစ်ရေးကိစ္စတွေ ပုံမှန်ပြန်မဖြစ်မချင်း စုံ၊ မ စနစ်ကို ဖြေလျှော့ဖို့ မလုပ်နိုင်သေးကြောင်း စစ်တပ်ရဲ့ ဟိုတယ်၊ ခရီးသွားလာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး ဦးမောင်မြင့်က သူ့ရဲ့ ကိုယ်ပိုင်လူမှုကွန်ရက်ကနေ ပြောဆိုထားတာ ရှိပါတယ်။
ကျောင်းသားမိဘတွေ အနေနဲ့ကတော့ စုံ၊ မ စနစ်နဲ့ စက်သုံးဆီ ပြဿနာတွေကြောင့် လိုအပ်တာထက်ပိုပြီး ကုန်ကျစရိတ်တွေ များလာနေပါတယ်။
ကျောင်းသားမိဘတယောက်က “အခုကာလက သိတဲ့အတိုင်းပဲ စုံ၊ မ ပြဿနာ၊ ဆီပြဿနာ ကျမတို့မှာ ရှိတယ်ပေါ့နော်။ အဲ့တော့ ကျမတို့မှာ တရက်ခြား ကျောင်းပို့ဖို့ကလည်း အခက်အခဲတွေ ဖြစ်လာတဲ့အခါကျတော့ အိုကေ မဖြစ်မနေ ကျမတို့ ဖယ်ရီကို အသုံးပြုရမယ်ပေါ့နော်။ ဖယ်ရီ အသုံးပြုမဲ့ အခါကျတော့လည်း ကျောင်းတွေကို Government က ဖယ်ရီတွေကို ပေးထားတာက တပတ်မှာ ၄၀ လီတာပဲ ပေးထားတာဆိုတော့ ကျောင်းကား ဖယ်ရီထောင်ထားတဲ့ လူတွေကလည်း သူတို့မှာ စရိတ်စကကြီးတာမျိုးတွေ၊ အဲလိုမျိုးတွေကြောင့် ကျမတို့က ဖယ်ရီခ အရင်တုန်းက ၇ သောင်း၊ ၈ သောင်းကနေ ကျမတို့ ၂ သိန်းခွဲအထိ ကျမတို့ ပေးရတယ်ပေါ့နော်။ မလိုလားအပ်တဲ့ Cost တွေ ထပ်ကုန်လာတယ်ပေါ့နော်။ အခုတော့ ကျမတို့က ရွေးချယ်စရာမရှိဘူး” လို့ ပြောပါတယ်။
လက်ရှိမှာတော့ အိမ်စီးကားတွေဟာ နှစ်ရက်ကိုတကြိမ် စုံ နဲ့ မ ရက် ခွဲပြီး ထွက်ရတာဖြစ်သလို ကျောင်းကားတွေနဲ့ ကုမ္ပဏီတွေရဲ့ လုပ်ငန်းသုံးယာဉ်တွေကတော့ ကျောင်း၊ ကုမ္ပဏီထောက်ခံစာ ကတဆင့် မြို့နယ်ထောက်ခံစာကို ၃ လ တကြိမ် တောင်းယူပြီးမှသာ မောင်းနှင်ခွင့်ရတာ ဖြစ်ပါတယ်။
စက်သုံးဆီကိုတော့ တပတ်မှာ နှစ်ကြိမ် QR စနစ်နဲ့ ဝယ်ယူခွင့်ပေးထားတာလည်း ဖြစ်ပါတယ်။










