
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ရုရှားနဲ့ ယူကရိန်းကြား စွမ်းအင်ဆိုင်ရာ အပစ်ရပ်ရေး သဘောတူထားတယ်လို့ ကြေညာပြီး နာရီပိုင်းအကြာမှာ ရုရှားက ယူကရိန်းရဲ့ စွမ်းအင်ဆိုင်ရာနေရာ ၆ ခုကို တိုက်ခိုက်ခဲ့တယ်လို့ ယူကရိန်းသမ္မတဇလန်းစကီးက ပြောပါတယ်။
ထရမ့်ပ်က အောက်တိုဘာ ၁၁ ရက်မှာ နှစ်နိုင်ငံစလုံးက တဖက်နဲ့တဖက်ရဲ့ စွမ်းအင် အဆောက်အအုံ တွေကို မတိုက်ခိုက်ဖို့ သဘောတူထားပြီး အပစ်ရပ်ရေး ချက်ချင်း အသက်ဝင်မယ်လို့ ကြေညာခဲ့တာ ဖြစ်ပါတယ်။
ဒါပေမဲ့ ဇလန်းစကီးက အပစ်ရပ်ရေး သဘောတူထားတယ်ဆိုတာ သူ့အတွက် သတင်းသစ် ဖြစ်နေတယ်လို့ ပြောခဲ့ပြီး ရုရှားဘက်ကလည်း သဘောတူညီချက် ရရှိထားကြောင်း အတည်မပြု သေးပါဘူး။
ရုရှားရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ယူကရိန်းက သဘာဝဓာတ်ငွေ့လုပ်ငန်းဆိုင်ရာ အဆောက်အအုံတွေ၊ လောင်စာဆီဆိုင်တွေနဲ့ လျှပ်စစ်ဓာတ်အားပေးစနစ်တွေ ထိခိုက်ခဲ့ပြီး လူ ၃၃ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဇလန်းစကီးက ပြောပါတယ်။
ရုရှားရဲ့ တိုက်ခိုက်မှုကြောင့် အီဇီယမ်မြို့မှာ လျှပ်စစ်မီး ပြတ်တောက်ခဲ့သလို ယူကရိန်း အနောက်ပိုင်းက စွမ်းအင်နဲ့ မီးရထား အခြေခံအဆောက်အအုံတွေလည်း တိုက်ခိုက်ခံခဲ့ရပါတယ်။
ခါကိဗ်၊ ဒွန်ညက်စ်နဲ့ ဇာပိုရီးရှား ဒေသတွေမှာလည်း လျှပ်စစ်မီး ပြတ်တောက်မှုအသစ်တွေ ဖြစ်ပေါ်ခဲ့ပြီး တချို့ဒေသတွေမှာ လျှပ်စစ်ဓာတ်အားကို အလှည့်ကျ ဖြန့်ဖြူးနေရပါတယ်။
ဇလန်းစကီးက “ကျနော်တို့က မတိုက်ခိုက်ခဲ့ပေမဲ့ ရုရှားက ကျနော်တို့ရဲ့ လောင်စာဆီဆိုင်တွေ၊ စွမ်းအင်အခြေခံအဆောက်အအုံတွေနဲ့ တခြားနေရာတွေကို တိုက်ခိုက်ခဲ့ပါတယ်” လို့ Fox News ကို ပြောပါတယ်။
“ဒါဟာ သမ္မတထရမ့်ပ်ကို ပူတင်က ပေးလိုက်တဲ့ အဖြေလို့ ကျနော်ထင်ပါတယ်” လို့လည်း သူက ပြောပြီး ရုရှားဟာ စွမ်းအင်ဆိုင်ရာ အပစ်ရပ်ရေးကို လက်ခံဖို့ ဆန္ဒမရှိကြောင်း စွပ်စွဲခဲ့ပါတယ်။
ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂီလာ့ဗရော့ဗ်ကတော့ ယူကရိန်းဟာ အပစ်ရပ်ရေးကြောင့် ရရှိလာမဲ့ တိုက်ပွဲရပ်နားခွင့်နဲ့ မထိုက်တန်ဘူးလို့ အောက်တိုဘာ ၁၂ ရက်မှာ ပြောပါတယ်။
Source:Reuters











