
၁၉၈၀ ပြည့်နှစ်ဝန်းကျင်တည်းက စတီရီယို တေးသီချင်းတွေနဲ့ လူသိများ ထင်ရှားခဲ့တဲ့ တေးရေး/ တေးဆို ကိုင်ဇာဟာ အဆုတ်ထဲရေဝင်လို့ ဆေးရုံမှာ တက်ရောက်ကုသနေရင်း ပိုးဝင်တာကတဆင့် ဩဂုတ် ၂၂ ရက် ညဦးပိုင်းမှာ ကွယ်လွန်သွားတယ်လို့ နီးစပ်သူတွေဆီ သိရပါတယ်။
အသက် ၆၆ နှစ်ရှိပြီဖြစ်တဲ့ တေးသံရှင်ကိုင်ဇာ (ခ) ဦးညီညီဝင်းဟာ ဝိတိုရိယဆေးရုံမှာ ဆေးကုသမှုခံယူနေရင်း ဩဂုတ် ၂၂ ရက် ညဦးပိုင်းက ကွယ်လွန်ခဲ့တာလို့ သူ့ရဲ့ ဂီတမိတ်ဆွေတွေက မျှဝေထားပါတယ်။
၁၉၇၇ ခုနှစ်မှာ "အကျည်းတန်၏ အထီးကျန်အတ္ထုပ္ပတ္တိ” စီးရီးနဲ့ စတူဒီယိုလောကထဲ ဝင်လာတဲ့ တေးသံရှင် ကိုင်ဇာဟာ ကိုယ်ပိုင်တေးဂီတအဖွဲ့ Success (ဇိန) အဖွဲ့နဲ့အတူ ကိုင်ဇာတခေတ်ကို ထူထောင်နိုင်ခဲ့တဲ့ စတီရီယိုခေတ်ဦးအဆိုတော်တွေထဲက တယောက်လည်းဖြစ်ပါတယ်။
သူ့ရဲ့နာမည်ကျော်ကြားတဲ့ တူနှစ်ကိုယ်တိုင်းပြည်၊ သီချင်းရှင်ကိုကြင်နာပါ၊ နေဆီပျံမယ့်ငှက် သို့မဟုတ် ယောနသံဇင်ယော်၊ မိုးသီချင်း၊ လက်ဖက်ရည်ဆိုင်သွားကြစို့၊ ကစ္ဆပနဒီလှိုင်းသံ၊ ရိုးမရဲ့ ညနေခင်း၊ အင်းလေးမှာရွာတဲ့မိုး စတဲ့တေးသီချင်းတွေဟာ ဒီနေ့အထိ ခေတ်အဆက်ဆက် ပရိသတ်တွေရင်ထဲကို စွဲထင်ခဲ့တဲ့ တေးသီချင်းတွေဖြစ်ပါတယ်။
တေးသံရှင် ကိုင်ဇာရဲ့ စျာပနရက်ကို စီစဥ်နေဆဲဖြစ်ပြီး ထပ်မံအသိပေးကြေညာမယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက လူမှုကွန်ရက်ကနေတဆင့် မျှဝေထားတာကို တွေ့ရပါတယ်။











