
အာဏာသိမ်းစစ်တပ်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲအပြီး ပထမဆုံးအကြိမ် ကျင်းပတဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးကို မတ် ၁၈ ရက် ဒီကနေ့ နေပြည်တော်မှာရှိတဲ့ အမျိုးသားလွှတ်တော် အဆောက်အအုံမှာ ကျင်းပခဲ့ပြီး စစ်ကောင်စီရဲ့ ကာလုံအမှုဆောင်အရာရှိချုပ် ဦးအောင်လင်းဒွေးကို အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ အဖြစ် အတည်ပြုလိုက်ပါတယ်။
ဒီကနေ့ အမျိုးသားလွှတ်တော် အစည်းအဝေးမှာ လွှတ်တော်ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌကို တင်မြောက်နိုင်ဖို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ထဲက ဒေါ်ဒွဲဘူကို သဘာပတိအဖြစ် တင်မြောက်ခဲ့ပါတယ်။
အဲဒီနောက်မှာ လွှတ်တော်ဥက္ကဋ္ဌအဖြစ် အာဏာသိမ်းစစ်ကောင်စီရဲ့ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အမှုဆောင်အရာရှိချုပ်ဖြစ်တဲ့ မန္တလေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၁၁ ကနေ ဝင်ပြိုင်ပြီး အနိုင်ရခဲ့တဲ့ ဦးအောင်လင်းဒွေးကို အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ အဖြစ် အတည်ပြုခဲ့ပါတယ်။
အဲဒီနောက် အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌအဖြစ် ကချင်ပြည်နယ် အမျိုးသားလွှတ်တော်အမှတ် ၂ က ဝင်ရောက်ယှဉ်ပြိုင်ပြီး အနိုင်ရခဲ့တဲ့ ဦး Jeng Phang (ဂျန်းဖန်း) နော်တောင်ကို ရွေးချယ်ခဲ့ကြပါတယ်။
ဒီအစည်းအဝေးမှာ ပြည်သူရွေးကောက်တင်မြှောက်မထားတဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားတွေ အပါအဝင် ကိုယ်စားလှယ် ၂၁၃ ယောက် တက်ရောက်ခဲ့ကြပါတယ်။
မတ် ၁၆ ရက်က ပြုလုပ်တဲ့ ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးမှာတော့ ပြည်သူလွှတ်တော်ဥက္ကဋ္ဌ အဖြစ် ကြံခိုင်ရေးပါတီခေါင်းဆောင် ရဲချုပ်ဟောင်း ဦးခင်ရီကို ရွေးချယ်ခဲ့ပြီး ဒုဥက္ကဋ္ဌအဖြစ် စစ်ကောင်စီခန့် ပြန်ကြားရေးဝန်ကြီးဟောင်း ဦးမောင်မောင်အုန်းကို အတည်ပြု ရွေးချယ်ခဲ့ကြပါတယ်။
ဦးအောင်လင်းဒွေးဟာ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဖြစ်လာတဲ့အတွက် သမ္မတတွေ ရွေးချယ်တင်မြှောက်မဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကို နာယကအဖြစ် ဦးစီးကာ ခေါ်ယူကျင်းပမှာ ဖြစ်ပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ထားသလို ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုက်အဝန်းကလည်း လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲ မဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။
အာဆီယံဥက္ကဋ္ဌ မလေးရှားနိုင်ငံ ဝန်ကြီးချုပ် အန်ဝါအီဘရာဟင်ကတော့ ဒီရွေးကောက်ပွဲကနေ အနိုင်ရ ထွက်ပေါ်လာမဲ့ ဘယ်အဖွဲ့အစည်းကိုမှ အဆောတလျင် အသိအမှတ်ပြုတာတွေ လုပ်မှာမဟုတ်ဘူးလို့ ပြောကြားထားပါတယ်။











