
ရခိုင်ပြည်ရှိ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ ပြည်သူတွေအနေနဲ့ သစ်ထုတ်လုပ်သုံးစွဲရာမှာ လိုက်နာရမဲ့ စည်းကမ်းချက် ၇ ချက်ကို ဧပြီ ၂၀ ရက်က သစ်တောနဲ့ သဘာဝပတ်ဝန်းကျင် စီမံခန့်ခွဲရေးဌာနက ထုတ်ပြန်လိုက်ပါတယ်။
အဲဒီထုတ်ပြန်ချက်တွေမှာ ရခိုင်ပြည်သူတွေအနေနဲ့ သစ်တောဥပဒေ အခန်း ၆၊ ပုဒ်မ ၁၇ အရ စီးပွားဖြစ်မဟုတ်ဘဲ ကိုယ့်ရဲ့ အိမ်သုံး၊ လယ်ယာလုပ်ငန်းသုံးနဲ့ ငါးဖမ်းလုပ်ငန်းသုံး စတဲ့ အခြေခံအလုပ်တွေအတွက် သတ်မှတ်ထားတဲ့ သစ်တတန်ကို အခွန်လွတ် ထုတ်ယူသုံးစွဲခွင့် ပြုထားတယ်လို့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
အိမ်ထောင်စုတစုအနေနဲ့ တနှစ်မှာ တကြိမ်သာ သစ်ထုတ်ယူခွင့် ပြုသွားမှာဖြစ်ပြီး သစ်ထုတ်ယူမဲ့ နေရာကို မြို့နယ်သစ်ဝန်းစီးဌာနကို လာရောက်အကြောင်းကြားရမှာဖြစ်ပြီး မြို့နယ်သစ်ဝန်းစီးဌာနက စိစစ်ကာ မှတ်တမ်းတင်ထားရမယ်လို့ ဖော်ပြထားပါတယ်။
သစ်တတန်ထက် ပိုပြီး လိုအပ်လာပါက ရပ်ရွာ၊ တိုက်နယ်၊ မြို့နယ်အုပ်ချုပ်ရေးဌာနတွေက ထောက်ခံချက်နဲ့ သစ်ဝန်းစီးဌာနကို သီးခြား လျှောက်ထားရမှာဖြစ်ပြီး သစ်ဝန်းစီးဌာနက သွားရောက် ကွင်းဆင်းစစ်ဆေးပြီး အမှန်အကန် လိုအပ်မှသာ သစ်ထုတ်ယူခွင့် ပြုလုပ်မယ်လို့လည်း ဆိုထားပါတယ်။
ဒါ့အပြင် ပြည်သူတွေအနေနဲ့ မိမိတို့အသုံးပြုဖို့ ထုတ်ယူထားတဲ့ သစ်တွေကို စီးပွားဖြစ် ရောင်းဝယ်ခြင်း မပြုလုပ်ရဘဲ စီးပွားရေးအရ လုပ်ကိုင်နေကြောင်း စိစစ်တွေ့ရှိပါက ဥပဒေအရ အရေးယူသွားမှာဖြစ်သလို စည်းမျဉ်းတွေကို ဖောက်ဖျက် ထုတ်ယူပါက သစ်ထုတ်လုပ်ခွင့်ကို တနှစ် ပိတ်ပင်သွားမယ်လို့လည်း သစ်ဝန်းစီးဌာန ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
အာရက္ခ ပြည်သူ့တော်လှန်ရေး အစိုးရအဖွဲ့ရဲ့ သစ်ထုတ်လုပ်ခွင့် ဥပဒေထုတ်ပြန် ကန့်သတ်ချက်တွေ ထုတ်လိုက်တာဟာ တရားမဝင် သစ်ခိုးထုတ်မှုကို လျော့ကျသွားစေပေမဲ့ သာမန် တောင်သူတွေအတွက် ကိုယ့်စိုက်ခင်းကို ကိုယ်ထုတ်ယူသုံးစွဲခွင့်မရှိအောင်အထိ ပိတ်ပင်ခံရမှုတွေ ရှိလာတယ်လို့ မြောက်ဦးမြို့နယ်က သစ်ခင်းစိုက်ပျိုးသူ အသက် ၅၀ အရွယ် အမျိုးသားတယောက်က ပြောပါတယ်။
“ရခိုင်မှာ သစ်ထုတ်ယူခွင့်မရှိတာ ၂၀၂၅ ခုနှစ်ကတည်းက ပိတ်ထားတာ။ လုံးဝ မထုတ်ရတာတော့ မဟုတ်ဘူး။ ရပ်ကျေး သစ်တောဌာနက ခွင့်ပြုချက်ပေးမှ ထုတ်ယူခွင့်ရှိတာ။ သစ်ခိုးထုတ်တဲ့ မြို့နယ်တွေမှာ ဒီလို ဥပဒေတွေထုတ်ပြီး ကန့်သတ်တာတွေက ကောင်းမွန်ပေမဲ့ တပိုင်တနိုင် စိုက်ပျိုးထားတဲ့ တောင်သူတွေကျတော့ ကိုယ့်စိုက်ခင်းတောင် ကိုယ်မပိုင်တော့တာမျိုး ဖြစ်သွားပြီ။ ကိုယ်စိုက်ပျိုးထားတဲ့ သစ်ကို ကိုယ့်အိမ်တဆောင်စာအတွက်တောင် အစိုးရခွင့်ပြုမှ ထုတ်ယူခွင့် ရတော့တယ်ဆိုတော့ အနည်းငယ် ကြန့်ကြာခက်ခဲမှုတွေ ရှိလာတယ်လို့ ပြောရမယ်။”
ရခိုင်ပြည်က သစ်ထုတ်လုပ်မှု အများဆုံးဖြစ်တဲ့ အမ်း၊ တောင်ကုတ်မြို့နယ်တို့မှာ သစ်ထုတ်လုပ်မှု ဥပဒေတွေ ထုတ်ပြန်လိုက်ပြီးနောက်ပိုင်း တရားမဝင် သစ်ထုတ်လုပ်မှုတွေ လျော့ကျသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်အာဏာရှင်အဆက်ဆက်က အမ်းနဲ့ တောင်ကုတ် အပါအဝင် ရိုးမတောင်ခြေရှိ မြို့နယ်တွေက ဒေသခံ စီးပွားရေးသမားတွေဟာ စစ်တပ်အသိုင်းအဝိုင်းတွေနဲ့ ပူးပေါင်းပြီး သစ်ခိုးထုတ်မှုတွေကို နှစ်ရှည်ကြာ ထုတ်ယူရောင်းချခဲ့ကြတာလည်း ဖြစ်ပါတယ်။
အာရက္ခတပ်တော်ဟာ ရခိုင်က မြို့နယ် ၁၄ ခုနဲ့ ပလက်ဝမြို့နယ်တို့ကို သိမ်းပိုက် ထိန်းချုပ်ထားတာဖြစ်ပြီး အဲဒီမြို့နယ်တွေမှာ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနဲ့ ဒေသဖွံ့ဖြိုးရေးတွေကို အဓိက စီမံခန့်ခွဲနေပါတယ်။










