
အမေရိကန်နဲ့ တရုတ်က အပြန်အလှန်တင်သွင်းနေတဲ့ ကုန်စည် နှစ်ဖက်ပေါင်း ဒေါ်လာ ၆၀ ဘီလီယံဖိုးကို စည်းကြပ်ခွန်လျှော့ပေးရေး ဆောင်ရွက်ဖို့ သဘောတူခဲ့ပြီး တနိုင်ငံကို ဒေါ်လာ ၃၀ ဘီလီယံဖိုးစီ ကုန်စည်စာရင်း တင်ပြထားပါတယ်။
တရုတ်ဘက်က အမေရိကန်ပြောင်း၊ ဂျုံ၊ နှံစားပြောင်း၊ အသား၊ နို့ထွက်ပစ္စည်းနဲ့ ဟင်းသီး ဟင်းရွက်ဆီတွေကို အခွန်လျှော့ပေးဖို့ စီစဉ်ထားပါတယ်။
ဒါပေမဲ့ အမေရိကန်ရဲ့ တရုတ်ကို ပို့တဲ့ အဓိက လယ်ယာထွက်ကုန်တင်ပို့မှုဖြစ်တဲ့ ပဲပုပ်ကိုတော့ အခွန်လျှော့မဲ့စာရင်းထဲ မထည့်ထားပါဘူး။
ငါးနဲ့ ပင်လယ်စာ၊ သစ်နဲ့ သစ်ထွက်ပစ္စည်း၊ အလှကုန်နဲ့ ဆေးဘက်ဆိုင်ရာပစ္စည်းတွေကိုလည်း တရုတ်က အခွန်လျှော့ပေးဖို့ စဉ်းစားထားပါတယ်။
အမေရိကန်ဘက်ကတော့ တရုတ်အရုပ်၊ ကလေးစက်ဘီး၊ ကော်ဖီဖျော်စက်၊ ပေါင်မုန့်ကင်စက်နဲ့ တခြားအိမ်သုံးပစ္စည်းတွေကို အခွန်လျှော့ပေးဖို့ အဆိုပြုထားပါတယ်။
ဒါပေမဲ့ နှစ်ဖက်စလုံးက အခွန်ဘယ်လောက်လျှော့မယ်၊ ဘယ်အချိန် စတင်မယ်ဆိုတာကိုတော့ မကြေညာသေးပါဘူး။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ ဝါရှင်တန်မှာ တွေ့ဆုံပြီးနောက် ကုန်သွယ်စစ်ပွဲ အပစ်ရပ်ကာလကိုလည်း ၂ လထပ်တိုးပြီး ဇန်နဝါရီ ၁၀ ရက်အထိ သတ်မှတ် ထားပါတယ်။
ဒီသက်တမ်းတိုးမှုက ကုမ္ပဏီတွေအတွက် “တည်ငြိမ်ပြီး ကြိုတင်ခန့်မှန်းနိုင်တဲ့ မူဝါဒပတ်ဝန်းကျင်” ပိုရစေမယ်လို့ တရုတ်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။
၂ နိုင်ငံက လယ်ယာကုန်သွယ်ရေးအတွက် သီးခြားလုပ်ငန်းအဖွဲ့ ဖွဲ့စည်းဖို့လည်း သဘောတူထားပြီး တရုတ်က ၂၀၂၇ နဲ့ ၂၀၂၈ ခုနှစ်မှာ အမေရိကန်ကျောက်မီးသွေး တနှစ် တန်ချိန် ၁၀ သန်းစီ ဝယ်ယူဖို့ သဘောတူထားပါတယ်။
ဒါ့အပြင် တရုတ်က အမေရိကန်ရင်းနှီးမြှုပ်နှံမှုပါတဲ့ နိုင်ငံခြားဘဏ္ဍာရေးကုမ္ပဏီတွေ တရုတ်မှာ လုပ်ငန်းလုပ်ကိုင်ပြီး ရုံးခွဲဖွင့်နိုင်ရေးကိုလည်း စိစစ်ခွင့်ပြုသွားမှာ ဖြစ်ပါတယ်။
Source:Reuters










