
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ ပို့စ်တွေကို အမြန်ဆုံး ကြိုတင်သိရှိချင်တဲ့ ဝေါစထရိတ် ကုန်သည်တွေနဲ့ ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီတွေဆီကနေ ထရမ့်ပ်ရဲ့ကုမ္ပဏီက တလကို အမေရိကန်ဒေါ်လာ ၁ သိန်းအထိ ကောက်ခံဖို့ ဆွေးနွေးနေပါတယ်။
၃ နှစ်စာချုပ် ချုပ်ဆိုမယ်ဆိုရင်တော့ တလကို အမေရိကန်ဒေါ်လာ ၆၀,၀၀၀ နဲ့ လျှော့ပေါ့ပေးမယ်လို့ ထရမ့်ပ်မီဒီယာနဲ့ နည်းပညာအုပ်စု (TMTG) က ကမ်းလှမ်းထားပါတယ်။
ဩဇာလွှမ်းမိုးမှုအရှိဆုံး အကောင့် ၁၀ ခုက ပို့စ်တွေကို အမြန်ဆုံးရယူနိုင်မဲ့ "Truth API" အမည်ရ အခပေးဒေတာစနစ်ကို ကုမ္ပဏီက မိတ်ဆက်လိုက်တာ ဖြစ်ပါတယ်။
ဒီအကောင့်တွေထဲမှာ ထရမ့်ပ် ကိုယ်တိုင်နဲ့ သူ့ရဲ့မိသားစုဝင်တွေအပြင် သူ့ကို အဓိက ထောက်ခံသူတွေရဲ့ အကောင့်တွေလည်း ပါဝင်ပါတယ်။
ဒီလုပ်ရပ်ဟာ ထရမ့်ပ် မိသားစုကို ငွေကြေးအကျိုးအမြတ်ရစေပြီး ဝေါစထရိတ် စီးပွားရေးသမားတွေကို ပိုချမ်းသာစေလိမ့်မယ်လို့ ဒီမိုကရက်တစ် အထက်လွှတ်တော်အမတ် ရွန်ဝိုင်ဒင်က ဝေဖန်ပါတယ်။
နိုင်ငံရေးအရ ဘက်မလိုက်တဲ့ စောင့်ကြည့်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်နယ်ရှာမန်ကလည်း “ဒီလုပ်ရပ်ဟာ တကယ့်ကို ကျင့်ဝတ်နဲ့မညီတဲ့ အစီအစဉ်တခု ဖြစ်ပါတယ်” လို့ မှတ်ချက်ပေးပါတယ်။
သမ္မတကိုယ်တိုင်က သူ့ရဲ့ပို့စ်တွေကို စောစောဖတ်ခွင့်ပေးတဲ့အပေါ် အကျိုးအမြတ်ရရှိမှာဖြစ်လို့ အခုလို ဝေဖန်ခဲ့တာပါ။
အထက်လွှတ်တော်အမတ် အယ်လီဇဘက်ဝါရင်းကလည်း "ဒါဟာ အမေရိကန်ပြည်သူတွေကို ကူညီဖို့ ဘာမှမလုပ်ဘဲ သမ္မတရာထူးကို အသုံးချပြီး ဝေါစထရိတ်ကို ချမ်းသာစေမဲ့ ဆိုးရွားတဲ့ အစီအစဉ်တခုဖြစ်တယ်" လို့ ဝေဖန်ပါတယ်။
TMTG ရဲ့ ရှယ်ယာတန်ဖိုးဟာ ဒီနှစ်ထဲမှာ ၂၇ ရာခိုင်နှုန်းလောက် ကျဆင်းသွားခဲ့ပြီး ဇူလိုင် ၁၇ ရက်နေ့ ဈေးကွက်ပိတ်ချိန်မှာတော့ ရှယ်ယာတစုကို ၉ ဒသမ ၆၆ အမေရိကန်ဒေါ်လာ ရှိခဲ့ပါတယ်။
Source: Reuters











