
စပိန်ရိုးရာ ခရမ်းချဉ်သီးပစ်ပေါက်ပွဲတော်ကို ဩဂုတ် ၂၆ ရက်မှာ စတင်ကျင်းပနေတာမှာ လူ ၂၂,၀၀၀ လောက် ပါဝင်ဆင်နွှဲဖွယ်ရှိပြီး ခရမ်းချဉ်သီးတန်ချိန် ကီလို ၁၅၀,၀၀၀ အသုံးပြုခဲ့တယ်လို့ ပွဲတော်ကျင်းပရေးအဖွဲ့အစည်းက ပြောပါတယ်။
လာတိုမာတီနာလို့ ခေါ်တဲ့ ဒီပွဲတော်ဟာ စပိန်နိုင်ငံ ဘူနောမှာ နှစ်စဉ်ကျင်းပလေ့ရှိတဲ့ ပွဲတော်တခုပဲ ဖြစ်ပါတယ်။
တနာရီကြာ ခရမ်းချဉ်သီးတွေနဲ့ ပစ်ပေါက်ကစားရတဲ့ ဒီပွဲတော်ဟာ ခရီးသွားတွေကို ဆွဲဆောင်နိုင်တဲ့ အထင်ကရ ပွဲတော်တခုပါ။
ခရမ်းချဉ်သီး ပစ်ပေါက်ပွဲတော်ဟာ ၁၉၄၅ ခုနှစ်က ရွာသားတွေကြား အချင်းချင်းရန်ဖြစ်ရာကနေ ပေါ်ပေါက်လာတဲ့ ထူးခြားတဲ့ ပွဲတော်တခုပဲ ဖြစ်ပါတယ်။
ဒါဟာ စားစရာကို အသုံးပြုပြီး တိုက်ခိုက်ရတဲ့ ကမ္ဘာ့အကြီးဆုံး Food fight ပွဲတော်လည်း ဖြစ်ပါတယ်။
ခရမ်းချဉ်သီး ပစ်ပေါက်ပွဲတော်ကို ၂၀၁၃ ခုနှစ်အထိ ပါဝင်ဆင်နွှဲတဲ့ လူဦးရေ ကန့်သတ်မထားခဲ့ပေမဲ့ နောက်ပိုင်းမှာ ပါဝင်သူအရေအတွက်ကို လက်မှတ်တွေနဲ့ ကန့်သတ်ခဲ့တာ တွေ့ရပါတယ်။
ဘူနောမြို့မှာ နေထိုင်တဲ့ ဒေသခံ ၉,၀၀၀ သာ ရှိတာကြောင့် ဒေသခံတွေကို လွှမ်းမိုးနိုင်တဲ့ လူဦးရေကို ကန့်သတ်ခဲ့တာပဲ ဖြစ်ပါတယ်။ လာတိုမာတီနာပွဲတော်ကို နှစ်တိုင်း ဩဂုတ်လရဲ့ နောက်ဆုံး ဗုဒ္ဓဟူးနေ့မှာ ကျင်းပလေ့ရှိပါတယ်။











